Home သတင်း စစ်တပ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့အနီး၊ မြို့ဟောင်းရွာဆရာတော် ပျံလွန် တော်မူပြီး ရွာသား ၃ ဦးဒဏ်ရာရ

စစ်တပ် လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့အနီး၊ မြို့ဟောင်းရွာဆရာတော် ပျံလွန် တော်မူပြီး ရွာသား ၃ ဦးဒဏ်ရာရ

106
Photo: CJ

ဧပြီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကော့နွဲ ကျေးရွာအုပ်စု၊ မြို့ဟောင်းကျေးရွာတွင် ယနေ့နေ့လည်က စစ်ကောင်စီလေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာကျောင်းထိုင် ဆရာတော်တစ်ပါးပျံလွန်တော်မူပြီး ရွာသား ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယခု ရက်ပိုင်းအတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေသည့်ကော့ကရိတ်မြို့အနီးအနားဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု နေ့စဉ်ပြုလုပ်ရာတွင် ယနေ့နေ့လည်ကမြို့ဟောင်းကျေးရွာထဲသို့ လေယာဉ်ဗုံးသီး ၅ လုံး ကျ‌ရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းထိုင်ဆရာတော်အပါအဝင် ရွာသားများ ထိခိုက်သေဆုံးခဲ့ရသည်ဟု မြို့ဟောင်းရွာသားတစ်ဦးက ယခုလိုပြောသည်။

“ယခုရက်ပိုင်း ကော့ကရိတ်မြို့အာရှလမ်းမှာတိုက်ပွဲပြင်းထန်တော့ လေယာဉ်ကတစ်နေကုန် ပတ်ပြီးပစ်နေတယ်။ တခြားရက်တွေက ဗုံးကြဲချတာရွာနဲ့ဝေးတယ်။ ဒီနေ့က ရွာထဲမှာပဲ ၅ လုံးကြဲချတော့ ၁ လုံးက ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျကွဲတဲ့အတွက် ကျောင်းထိုင်ဆရာတော် ပွဲချင်းပြီးပျံလွန် တော်မူသွားတယ်။ ရွာသားလည်း ၃ ဦးထိတာ ၁ ဦးက ဒဏ်ရာပြင်းထန်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Photo: CJ

အဆိုပါ စစ်ကောင်စီတပ်၏ လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် သက်တော် (၈၇)နှစ်၊ ဝါတော် (၆၇)ဝါရှိ လေဖြတ်ထားသူ မြို့ဟောင်းကျောင်းထိုင်း ဆရာတော်ပျံလွန်တော်မူသွားပြီး ဦးဖာဒေး( ၄၃)နှစ်၊ ဦးမောင်နီး (၅၀)နှစ်နှင့် စောဖီအဲ့ဂေါ် (၂၃)တို့ ဒဏ်ရာအသီးသီးရရှိခဲ့ကာ တစ်ဦးမှာ ဦးခေါင်း ဒဏ်ရာပြင်းထန်၍ စိုးရိမ်ရသည်ဟု သိရသည်။

လတ်တလောတွင် ကော့ကရိတ်မြို့နှင့် ကော့ကရိတ်မြို့နယ်တောင်ပိုင်းရှိ မောင်းမကျေးရွာအုပ်စုနှင့် ကော့နွဲ ကျေးရွာအုပ်စုရှိ‌ ဒေသခံရွာသားများအားလုံးနီးပါး ထွက်‌ပြေးတိမ်းရှောင်နေရသည့်အပြင် ရွာတန်းရှည်‌၊ အံဖကြီး၊ သုံးဆယ်သုံးဆူ စသည့်ကျေးရွာအုပ်စုရှိ ဒေသခံအချို့လည်း နေအိမ်စွန့်ခွာတိမ်း‌ ရှောင်နေကြရကြောင်းလည်း ဒေသခံများက ပြောသည်။