Home သတင်း ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးအကူ ပစ်ခတ်ရှင်းလင်းခံရ

ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးအကူ ပစ်ခတ်ရှင်းလင်းခံရ

96
Photo: KRF

ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်စွန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးအကူ စစ်ကောင်စီတပ်၏ ဒေါက် တိုင်အမာခံကျော်ကျော်ဆိုသူကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဧပြီလ ၃ ရက် ယနေ့ ညနေပိုင်းအချိန်တွင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကျော်ကျော်ဆိုသူသည် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ လည်ပတ်စေရန် အစည်းအဝေးပွဲများ တွင် အုပ်ချုပ်ရေးမှူးကိုယ်စား တက်ရောက်ပေးသည့်အပြင် လူငယ်များကို စစ်မှုထမ်းရန် စာရင်းလိုက်လံ ကောက်ပေးနေခြင်းကြောင့် ကျိုက်ထိုတော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က စစ်ရေးပစ်မှတ် အဖြစ် သတ်မှတ်ကာ ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု KRF၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

၎င်းက “ သူက အုပ်ချုပ်ရေးမှူးထက်လက်စောင်းထက်တယ်။ အာဏာပါဝါ ပိုကြီးတယ်ပေါ့ဗျာ။ စကစ အစည်းအဝေးတွေကိုလည်း အုပ်ချုပ်ရေးမှူးက မတက်ဘဲ သူပဲသွားတက်တယ်။ စကစရဲ့ စစ်မှုထမ်းဥပဒေကို တောင်စွန်းနယ်တစ်ဝိုက်မှာ အဓိကအကောင်အထည်ဖော်တဲ့သူလည်း ဖြစ်တယ်။ လက်ရှိမှာလည်း စစ်မှုထမ်းဖို့ လူငယ်စာရင်းတွေကို သူကိုယ်တိုင် တက်တက်ကြွကြွနဲ့ လိုက်လံစုဆောင်း နေတယ်လို့ သိရပါတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်နှင့် ၂၅ ရက်နေ့တွင်လည်း ကျိုက်ထိုမြို့နယ်တွင် စစ်မှုထမ်းအတွက် လူစုဆောင်း ခေါ်ယူပေးသူ အုပ်ချုပ်ရေးမှူးအသစ် ဦးစံလွင်နှင့် လက်နက်ကိုင်ဆောင်ထားသည့် ဘုန်းကြီးဦးစန္ဒိမာဆိုသူကို ပစ်ခတ်ရှင်းလင်းခဲ့သေးကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF က သတင်းထုတ်ပြန်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီတပ်က အတည်ပြုပြဌာန်းလိုက်ပြီးသည့်နောက် မွန်ပြည်နယ်ရှိ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ထွေအုပ်တာဝန်ရှိသူများသည် ဒေသအတွင်းရှိ လူငယ်လူရွယ်များ၏ အမည်စာ ရင်းများကို ကောက်ယူပြီး ဆင့်ခေါ်စာဖြင့်ခေါ်ယူမဲနှိုက်ခိုင်းကာ စစ်တပ်ထဲသို့ အတင်းအဓမ္မ သွပ်သွင်းလျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ထို့ကြောင့် မွန်ပြည်နယ်ရှိ ပြည်သူ့စစ်ဥပဒေကို အကောင်အထည်ဖော်ပြီး လူငယ်များကို ပြည်သူ့ စစ်ထဲသို့ ခေါ်ယူ စုဆောင်းသည့် မည်သူမဆို ထိရောက်စွာအရေးယူမည်ဟု နယ်မြေခံတော်လှန်ရေးတပ်များက သတိပေး စာထုတ်ပြန်ထားသလို လက်ရှိမွန်ပြည်နယ်တွင် စစ်ကောင်စီလက်အောက်ခံ ဒေါက်တိုင်နှင့်အုပ်ချုပ်ရေးမှူး ၃ ဦးအထိ ရှင်းလင်းခဲ့ပြီးပြီဖြစ်ကြောင်း KRF က ထုတ်ပြန်ထားသည်။