Home သတင်း ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ခလရ(၉၇)စခန်းကို KNLA ပူး‌ပေါင်းတပ် ဝင်ရောက်တိုက်ခိုက်

ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ် ခလရ(၉၇)စခန်းကို KNLA ပူး‌ပေါင်းတပ် ဝင်ရောက်တိုက်ခိုက်

152
Photo: CJ(KIC

ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ-၉၇)စခန်းကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မ‌တော် (KNLA)ပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက် ၈နာရီဝန်းကျင်တွင် ဝင်ရောက် တိုက်ခိုက်မှုလုပ်ဆောင်ခဲ့ကြောင်း စစ်ရေးမြေပြင်သတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါ ကော့ကရိတ်မြို့ပေါ်ရှိ စစ်ကောင်စီတပ် (ခလရ-၉၇)စခန်းကို သွားရောက်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးသူနှင့် အရှင်ဖမ်းဆီးရမိထားသူများရှိကြောင်း ရှေ့တန်းရောက်တော်လှန်ရေးရဲဘော်တစ်ဦးက ယခုလိုပြောသည်။

“ဒီနေ့မနက်ပိုင်းမှာ ၉၇ စခန်းကို သွားရောက်တိုက်ခိုက်တာ စစ်ကောင်စီတပ်ဘက်က ထိခိုက်‌သေဆုံးတာရှိတယ်။ အရှင်ဖမ်းမိထားသူလည်း ရှိတယ်လို့ကြားတယ်။ အတိအကျမသိရသေးဘူး။”ဟု ၎င်း တော်လှန်ရေးရဲဘော်က ကေအိုင်စီသို့ ပြောသည်။

အလားတူ စစ်ကောင်စီလက်အောက်ခံ (ခလရ-၉၇)စခန်း တိုက်ခိုက်ခံရသဖြင့် စစ်ကောင်စီတပ်မှ လက်နက်ကြီးများ အဆက်မပြတ်ပြန်လည်ပစ်ခတ်ရာတွင် ကော့ကရိတ်မြို့ အမှတ်(၂) ဝင်းကြီးရပ်ကွက်ရှိ စစ်ရှောင်ပြည်သူများ၏ နေအိမ်များ ထပ်မံမီးလောင်ကျွမ်းပျက်စီးလျက်ရှိကြောင်း ကော့ကရိတ်မြို့ခံများက ပြောသည်။

Photo: CJ(KIC

စစ်ရှောင်မြို့ခံတစ်ဦးက “၉၇ စခန်းကို သွားရောက်တိုက်ခိုက်တော့ စစ်တပ်က လက်နက်ကြီးတွေ အဆက်မပြတ်ပြန်ပစ်နေတယ်။ လက်နက်ကြီးကျလို့ ဝင်းကြီးမှာ အိမ်တွေမီးလောင်နေတယ်။ လူတွေလည်းမရှိတော့ မီးငြိမ်းသတ်တဲ့လူလည်း မရှိဘူး။ ကျနော်တို့လည်း သွားမရဲဘူး၊ အဝေးကပဲလှမ်းကြည့်ရတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့သည် စစ်ကောင်စီတပ်များ တပ်စွဲနေရာယူထားသည့် နေရာများကို မကြာခဏ ဝင်ရောက် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။ ထိုသို့ ဝင်ရောက်ပစ်ခတ်သည့်အချိန်တိုင်းတွင် စစ်ကောင်စီတပ်ဘက်က မြို့ပေါ် ရပ်ကွက်ထဲသို့ လက်နက်ကြီးဖြင့် ရည်ရွယ်ချက်ရှိရှိ ပြန်လည်ပစ်ခတ်သောကြောင့် စစ်ရှောင်ပြည်သူများ၏ နေအိမ်များ မကြာခဏမီးလောင်ပျက်စီးခဲ့ရကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။

ယခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကတည်းက နှစ်ဘက်တိုက်ပွဲပြင်းထန်ခဲ့သည့် ကော့ကရိတ်မြို့တွင် ယနေ့အချိန်ထိ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကော့ကရိတ်ရပ်ကွက် ၇ ခုမှ လူနေအိမ် ၃၀၀ နီးပါးမီးလောင်ပျက်စီးခဲ့ရပြီး လက်ရှိတွင် မြို့ပျက်တစ်ခုလိုဖြစ်ပွားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။