Home သတင်း မြဝတီသင်္ဃန်းညီနောင်တွင် စစ်တပ်လေယာဉ်ဗုံးကြဲ၍ သဘာဝတရားရိပ်သာရှိ သက်ကြီးဘိုးဘွား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

မြဝတီသင်္ဃန်းညီနောင်တွင် စစ်တပ်လေယာဉ်ဗုံးကြဲ၍ သဘာဝတရားရိပ်သာရှိ သက်ကြီးဘိုးဘွား ၂ ဦးသေဆုံးပြီး ၈ ဦး ဒဏ်ရာရ

174
Photo: CJ

မတ်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တိုက်ပွဲပြင်းထန်နေသည့် မြဝတီသင်္ဃန်းညီနောင်ဘက်တွင် ယနေ့ နံနက် ၁၁ နာရီကျော်က စစ်တပ်ဂျက်လေယာဉ်ဗုံးကြဲ၍ သင်္ဃန်းညီနောင်ရွာသစ်ရွာရှိ သဘာဝတရားရိပ်သာ သက်ကြီး ဘိုးဘွားနေထိုင်သည့်အဆောင်ပေါ် ကျရောက်ပေါက်ကွဲခြင်းကြောင့် အဖိုး ၂ ဦး သေဆုံးပြီး ၈ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။

“၁၁ နာရီ ကျော်ကျော်က လေယာဉ်လာပစ်တယ်။ ရိပ်သာပေါ်ကို ပစ်တာမှာ အဆောင်ထဲမှာ နေနေတဲ့ အဖိုးတွေ ထိကုန်တယ်။ အဖိုးနှစ်ယောက် ဆုံးတယ်။ အဖိုး ၈ ယောက် ဒဏ်ရာရတယ် ၊ တခြားနေရာတွေမှာလည်း ထိခိုက်တာတွေ၊ ပျက်စီးတာတွေ ရှိနေတယ် ”ဟု ရွာသစ်ရွာသားက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရရှိသည့် သက်ကြီးဘိုးဘွားလူနာများကို မြဝတီပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသရန် သယ်ယူပို့ဆောင်ထားသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများက ပြောသည်။

Photo: CJ

လက်ရှိအချိန်ထိ နှစ်ဖက်တိုက်ခိုက်မှုအတွင်း စစ်တပ်၏ ခြေမြန်တပ်ရင်း -ခမရ ၃၅၅ နှင့် ခမရ ၃၅၆ တပ်ဝင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိပြီဟု သတင်းများထွက်ပေါ်နေသော်လည်း ပါဝင်တိုက်ခိုက်နေသည့် စစ်ကြောင်းများ မှ အတည်ပြုထုတ်ပြန်ခြင်း မရှိသေးပါဘူး။

စစ်ကောင်စီတပ်က ယနေ့ နေ့လည်ပိုင်းအထိ KNLA မဟာမိတ် ပူးပေါင်းတပ်များရှိ‌‌ရာ နေရာများကို တိုက်လေယာဉ်၊ ဗုံးကြဲလေယာဉ်၊ ကင်းထောက်လေယာဉ်များနှင့် စစ်တပ်ဗျူဟာကုန်းစခန်း မကျစေရေး ခုခံတိုက်ခိုက်နေသလို ခြေလျင်တပ်ရင်း -ခလရ ၂၇၅ စစ်တပ်ကလည်း လက်နက်ကြီး ဆက်တိုက် ပစ်ခတ်ပစ်ကူပေးနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များက ပြောသည်။