Home သတင်း စစ်အာဏာရှင်တော်လှန်ရေးတွင် အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍကို ဂုဏ်ပြုမှတ်တမ်းတင်ရန်လိုကြောင်း KWO ပြော

စစ်အာဏာရှင်တော်လှန်ရေးတွင် အမျိုးသမီးပါဝင်မှုအခန်းကဏ္ဍကို ဂုဏ်ပြုမှတ်တမ်းတင်ရန်လိုကြောင်း KWO ပြော

110

မတ်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင် အဆုံးသတ်ရေး တော်လှန်ရေးတွင် ရဲစွမ်းသတ္တိရှိစွာဖြင့် အမျိုးသမီးများ၏ ပါဝင်မှုအခန်းကဏ္ဍကို ဂုဏ်ပြုမှတ်တမ်းတင်ရန် လိုအပ်ကြောင်း ယနေ့ မတ်လ ၈ ရက်နေ့တွင် ကျရောက်သည့် နိုင်ငံတကာအမျိုးသမီးများနေ့အတွက် ထုတ်ပြန်သော ကရင်အမျိုးသမီးအစည်းအရုံး -KWO၏ ကြေညာချက်တွင် တိုက်တွန်းပြောလိုက်သည်။

၂၀၂၁ ခုနှစ်၊ စစ်တပ်အာဏာသိမ်းမှု ကြိုးပမ်းပြီးနောက်တွင် အမျိုးသမီးများသည် စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှုကို မမျှတစွာ ထိခိုက်ခံစားနေရသည့်အပြင် စစ်အာဏာရှင်အဆုံးသတ်ရေးနှင့် တိုင်းပြည်ငြိမ်းချမ်းရေးအတွက် တော်လှန်ရေးတွင် များစွာပါဝင်သည့်အတွက် ၎င်းတို့အားကို ဂုဏ်ပြု ကြောင်း ကရင်အမျိုးသမီးအစည်းအရုံးက ပြောသည်။

KWO ဥက္ကဋ္ဌ နော်ကညောဖောက “စစ်အာဏာရှင် ကျဆုံးဖို့အတွက် တက်ကြွလှုပ်ရှားသူဖြစ်စေ၊ လူငယ် အမျိုးသမီးဖြစ်စေ၊ အစိုးရဝန်ထမ်းဖြစ်စေအမျိုးသမီးတွေ ပါဝင်တယ်။ စစ်အာဏာရှင်ကျဆုံးဖို့အတွက် နိုင်ငံတကာမှာလည်း ကြိုးစားပြီး ပြောဆိုပေးတယ်။ ပြီးတော့ ဒေသအတွင်းမှာရှိတဲ့ လူထုတွေအတွက် အကူအညီရဖို့ ကြိုးစားရှာပေးတယ်။ ကွင်းဆင်းပြီးကူညီပေးတယ်။ ကဏ္ဍအသီးသီးမှာ အမျိုးသမီး တွေပါ ဝင်တယ်။

အနာဂတ် အစိုးရအသစ်တက်လာရင် အမျိုးသမီးဦးဆောင်ပါဝင်ဖို့ ကျားမတန်း တူအခွင့် ရေးရှိဖို့ အာမခံချက်ရှိတဲ့ ဖွဲ့စည်းပုံဥပဒေ ရှိဖို့လိုတယ်။ ဒါကြောင့် ပူးပေါင်းပါဝင်တဲ့ အမျိုးသမီးတွေကို အသိအမှတ်ပြုဖို့ ကျမတို့က တောင်းဆိုတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီး၏ တိုးတက်ပြောင်းလဲမှုကို မြင်တွေ့ရသော်လည်း မြန်မာနိုင်ငံရှိ သောင်းပေါင်းများစွာသည့် အမျိုးသမီးများသည် ကြောက်ရွံ့မှု စိုးရိမ်မှုများနှင့် အသက် ရှင်ရပ်တည်နေရဆဲရှိနေသည်ကို သတိပေးစေချင်သလို ထိုအမျိုးသမီးများကိုလည်း ဆက်လက်ကူ ညီရန်နှင့် ခွန်အားဖြစ်စေသည့် နည်းလမ်းများနှင့်ပံ့ပိုးကူညီသင့်ကြောင်းလည်း KWO က တိုက်တွန်းထားသည်။

KWO၊ WLB-အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံနှင့် နိုင်ငံအတွင်းရှိ အခြားသော အမျိုးသမီး များဖွဲ့ စည်းထားသည့် လူ့အဖွဲ့အစည်းအတွင်းရှိသည့် အမျိုးသမီးများသည် ဆုံးဖြတ်ချက်ချနိုင်သည့်အဆင့်နှင့် ဦးဆောင်မှုအခန်းကဏ္ဍတွင် အမျိုးသမီးများပါဝင်ရန် ကြိုးပမ်းခဲ့သော်လည်း တိုးတက်ပြောင်းလဲမှု အနည်းငယ်သာ တွေ့ရှိကာ ဆုံးဖြတ်ချက်ချသည့်အဆင့်တိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရန် ကြိုးစားတိုက်ပွဲဝင်နေရဆဲဖြစ်ကြောင်းလည်း KWO က ပြောသည်။

ထို့အပြင် KWO ၏ ရည်ရွယ်ချက်များထဲမှ တစ်ချက်ဖြစ်သည့် ကရင်အမျိုးသမီးများသည် ရပ်ရွာအဆင့် တွင်သာမက နိုင်ငံရေးအဆင့်နှင့် ဆုံးဖြတ်ချက်ချနိုင်သည့် အဆင့်တိုင်းတွင် အခွင့် အာဏာပေးရန် ဖြစ်သောကြောင့် ထိုအမျိုးသမီးများအတွက် စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ ဆောင်ရွက်ပေးခြင်း၊ မူဝါဒများချမှတ်ခြင်း၊ အောက်ခြေမှ နိုင်ငံရေးဦးဆောင်မှုအဆင့်ထိ စည်းရုံးလှုံ့ဆော်မှုများရှိခဲ့သော်လည်း ရှေ့ဆက်သွားမည့်ခရီးလမ်း ရှည်လျားအုံးမည်ဖြစ်ကြောင်းလည်း KWO၏ ထုတ်ပြန်ချက်ထဲတွင် ပြောဆိုထားသည်။

နိုင်ငံတကာ အမျိုးသမီးများနေ့ကို ၁၉၁၁ ခုနှစ်တွင် စတင်ကျင်းပပြီး ကုလသမဂ္ဂမှ ၁၉၇၇ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် နိုင်ငံတကာအမျိုးသမီးများနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယခုနှစ်တွင် ကျရောက်သည့် ၁၁၃ ကြိမ်မြောက် နိုင်ငံတကာအမျိုးသမီးများနေ့၏ ဆောင်ပုဒ်မှာ “အားလုံးပါဝင်ရေးကို လှုံ့ဆော်စို့”ဖြစ်ပြီး ကရင်တစ်မျိုးသားလုံးအတွက်သာမကဘဲ မြန်မာတစ်နိုင်ငံ လုံးအတွက်ပါ လွန်စွာသက်ဆိုင်မှုရှိသည့်ဆောင်ပုဒ်ဖြစ်ကြောင်းလည်း KWO က ပြောဆိုသည်။