Home သတင်း သောက်သုံးရေမသန့်၍ ကရင်နီစစ်ရှောင်များအကြား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ

သောက်သုံးရေမသန့်၍ ကရင်နီစစ်ရှောင်များအကြား ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားနေ

119
Photo: Ktimes & CJ

မတ်လ ၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်(အနောက်ဘက်ခြမ်း)ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံး ရေ မသန့်ရှင်းမှုကြောင့် ကလေးသူငယ်အများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါများ ဖြစ်ပွားလာနေကြောင်း စစ် ဘေးရှောင်ကူညီသူများထံမှ သိရသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်စခန်းများတွင် နွေရာသီကာလရောက်လာ၍ သောက်သုံးရေရှားပါးလာပြီး စစ်ရှောင်စခန်းအနီးရှိ ရေအိုင်များမှ မသန့်ရှင်းသောရေများကို အဆင်ပြေသလို အသုံးပြုနေရသောကြောင့် ကလေးသူငယ်အများစုတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလာနေကြောင်း စစ်ဘေးရှောင်များအား အနီးကပ်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။

“ဒီးမော့ဆိုဘက်မှာ နွေရာသီမှာ ရေရှားလာတော့ မသန့်ရှင်းတဲ့ရေကို သုံးနေရတယ်။ ရေမရှိတော့ နောက်ဆက် တွဲအနေနဲ့ အိမ်သာတွေမလုံလောက်တဲ့အပြင်ကိုမှ ရေကရှားတော့ ကလေးတွေမှာ ဝမ်းလျှောတဲ့ ပြဿနာက ပိုဖြစ်လာတယ်။ ယားနာတဲ့ ရောဂါတွေလည်းဖြစ်လာကြတယ်။ ရောဂါဖြစ်တာနဲ့ ပတ်သက်ပြီး စာရင်း အတိ အကျတော့ မရှိပေမဲ့ ကလေးတွေအများစုမှာဖြစ်နေတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ကရင်နီဒေသအတွင်းသို့ ယခုနောက်ပိုင်းတွင် အခြားဒေသမှ စစ်ဘေးရှောင်များ လာရောက်ရှောင်တိမ်းနေကြသူ ရှိသလို စစ်ရှောင်စခန်းအများစုတွင်လည်း ယခုနှစ်အတွင်း စားနပ်ရိက္ခာမလုံလောက်သည့် ပြဿနာများပါ ကြုံ တွေ့ လာရကြောင်း ၎င်းစစ်ရှောင်ကူညီသူက ဆက်ပြောသည်။

Photo: Ktimes & CJ

နောက်ထပ် စစ်ရှောင်ကူညီသူတစ်ဦးကလည်း “စစ်ရှောင်ဦးရေက (၁၁၁၁) နောက်ပိုင်းမှာ တော်တော် တိုး လာပါတယ်။ ဆီဆိုင်က စစ်ရှောင်တွေလည်း ဒီဘက် ရောက်လာကြတယ်ဗျ။ စစ်ရှောင်အများစုကတော့ ဒီးမော့ဆိုမြို့နယ် အတွင်းမှာပဲ စုပြုံနေတာပါ။ အိမ်ခြေ ၁၀၀ အထက်စခန်း တွေဆိုရင်လည်း CSO, NGO, INGO တွေလောက်ပဲ အများစုဝင်နိုင်ကြတော့တယ်။ တစ်ခုရှိတာ က CSO၊ NGO၊ INGO တွေကျ Project title (ခေါင်းစဉ်) နဲ့သွားတော့ project နဲ့မဆိုင်တဲ့ အခြားလိုအပ်မှုတွေအတွက်မကူနိုင်ကြတော့တာလည်းရှိပါတယ်။ ပေးနိုင်တဲ့ ပမာဏနဲ့ ပေးရမယ့် လူဦးရေ မမျှတော့တဲ့အခါမှာ ကြပ်တည်းလာကြတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အလားတူ ဒီးမော့ဆိုမြို့နယ်အပြင် ဒုတိယ ရေအရှားပါးဆုံးမြို့နယ်တစ်ခုဖြစ်သည့် ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာများအတွက် ယခင်ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂မှ စတင်ကာ ၂၀၂၀ ခုနှစ် အထိ ဘတ်ဂျက်သတ်မှတ်၍ ရေရရှိရေး ဆောင်ရွက်ခဲ့မှုများရှိခဲ့သည်ဟု ယခင် ပြည်နယ်လွှတ်တော် အစည်းအဝေး ထုတ်ပြန်ချက်အရ သိရသည်။