မတ်လ ၂၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
တော်လှန်ရေးရဲဘော်များအနေဖြင့် လက်ရှိတွင် စည်းလုံးညီညွတ်မှုဖြင့် တိုက်ပွဲဝင်ရန် အချိန် ကျရောက်ပြီး ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU၏ ကာကွယ်ရေးဌာနမှ ဌာနမှူး ပဒို စောဆဲဂေက ယမန်နေ့ ရက်စွဲဖြင့် တိုက်တွန်းချက်တစ်စောင်ထုတ်ပြန်လိုက်သည်။
အဖွဲ့အစည်းအတွင်း စည်းလုံးမှုပျက်ပြားခြင်း နှင့် ခွဲထွက်ခြင်းများကို သင်ခန်းစာယူပြီး အားလုံး စည်းလုံးညီညွတ်မှုဖြင့် ပန်းတိုင်ကိုရောက်ရှိရေး တိုက်ပွဲဝင်ရန် အချိန်ကျရောက်နေပြီးဖြစ်သည်ဟု ကာကွယ်ရေး ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကေအဲန်ယူအဖွဲ့အစည်းအတွင်း နိုင်ငံရေးသဘောထားယူဆချက်များကွဲလွဲမှုအပေါ်အခြေခံပြီး အဖွဲ့အစည်း အတွင်းစည်းလုံးညီညွတ်မှုလျှော့နည်းနေကာ ယခင်ကတည်းက ခွဲထွက်သွားသည့် ကရင့်လက်နက်ကိုင် အဖွဲ့အစည်းများသည်လည်း အကျိုးစီးပွားမတူညီမှုအပေါ်အခြေခံ၍ ယနေ့ အချိန်တစ်စုတစ်စည်းတည်း ပြန်လည် စုဖွဲ့နိုင်ခြင်းမရှိသေးကြောင်းတွေ့ရသည်။
အချက် ၄ ချက်ခန့်ပါဝင်သည့် အဆိုပါ တိုက်တွန်းချက်များတွင် တော်လှန်ရေးအတွက် အသက် နှင့် ခန္ဓာ စွန့်လွတ်ခဲ့ရသူများကို လေးစာဂုဏ်ပြုပြောဆိုထားသလို အဆိုပါ စွန့်လွတ်ပေးဆပ်မှုများသည်လည်း နောင်လာမည့် ဖက်ဒရယ် နိုင်ငံသစ်အတွက် မျှော်လင့်ချက်များဖြစ်ကြောင်းလည်း အားပေးတိုက်တွန်းပြောဆိုခဲ့သည်။
လက်ရှိ စစ်အာဏာသိမ်းမှု နောက်ပိုင်း ကေအဲန်ယူ နယ်မြေအတွင်းတကျော့ပြန် တိုက်ပွဲများ ပြင်ထန်းနေပြီး ကေအဲန်ယူ လက်အောက်ခံ လက်နက်ကိုင် တပ်ဖွဲ့များအပြင် အသစ်ဖွဲ့စည်းထားသည့် လွတ်မြောက်ရေး တပ်ဖွဲ့များအနေဖြင့်လည်း ပူးပေါင်းစစ်ဆင်ရေးများတွင်ပါဝင်ကြရာ ထိခိုက်ကျဆုံးမှုအများအပြား ရှိခဲ့သည်ကို ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ထို့အပြင် တိုက်ပွဲဝင် ရဲဘော်များအနေဖြင့် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်စည်းကမ်းများကို တိတိကျကျ ကျင့်သုံးရန်နှင့် လတ်တလော စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် အကာ အကွယ်မဲ့ နေသည့် ပြည်သူ များကို ကျောသားရင်သားမခွဲခြားဘဲကာကွယ်တားဆီးပေးရန်လည်း ဆက်လက်တိုက်တွန်းပြောဆိုထားသည်။
စစ်ကောင်စီ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များအကြားဖြစ်ပွားသည့် နှစ်ဖက်တိုက်ပွဲများတွင် စစ်ရေးအရ ထိခိုက်ရှုံးနိမ့်မှုများ ကြုံနေရသည့် စစ်ကောင်စီ အနေဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာ ကျေးရွာများ၊ နေအိမ် အဆောက်အဦးများ၊ ဘာသာရေး၊ ပညာရေး အခြေခံ အဆောက်အဦးများနှင့် လုပ်ကိုင် စားသောက်ရာ တောင်ယာစိုက်ခင်းများကို ပစ်မှတ်ထား၍ လေကြောင်း နှင့် လက်နက်ကြီး အားပြု၍ တုံ့ပြန် တိုက်ခိုက်လေ့ရှိကြောင်း စစ်ရေး ပဋိပက္ခကို စောင့်ကြည့်နေသည့် ပညာရှင်များနှင့်သုတေသန အဖွဲ့များ၏ ထုတ်ပြန်ချက်များက ဆိုထားသည်။
မြန်မာပြည်တောင်ပိုင်းဒေသတွင် ကေအဲန်ယူ၏ ဦးဆောင်မှုဖြင့် မဟာမိတ်ပူးပေါင်းတပ်များပါဝင်၍ စစ်ဆင်ရေး ဖော်ဆောင်မှုများကို အရှိန်မြင့်လုပ်ဆောင်လာနေသလို နယ်ခြားစောင့်တပ်(BGF) ၏ စစ်ကောင်စီ လက်အောက် မှ ခွဲထွက်လာမှုကြောင့် နှစ်ဖက် စစ်ရေးပြင်ထန်လာနိုင်ကြောင်းလည်း သုံးသပ်ပြောဆိုမှုများရှိသည်။



















