Home သတင်း ဂျိုင်းမြစ်စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာနေအိမ်အများအပြား မီးလောင်ကျွမ်းနေ

ဂျိုင်းမြစ်စစ်သင်္ဘောက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မသကျေးရွာနေအိမ်အများအပြား မီးလောင်ကျွမ်းနေ

254
Photo-CJ

မတ်လ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ဓမ္မသကျေးရွာကို ယနေ့ မတ်လ ၂၇ ရက်ညနေက ဂျိုင်းမြစ်အတွင်းရှိ စစ်သင်္ဘောမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် ကျေးရွာနေအိမ်ပေါ်ကျရောက်ပေါက်ကွဲရာမှ နေအိမ်အများအပြား မီးကူးစက်လောင်ကျွမ်းနေပြီး ညပိုင်းအချိန်ထိ မီးငြှိမ်းသတ်နိုင်ခြင်းအပြည့်အဝမရှိ သေးဘဲ လောင်ကျွမ်းနေဆဲအခြေအနေဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“ ညနေက စစ်တပ်ကလည်း စစ်ကြောင်းဝင် တိုက်ပွဲကလည်းဖြစ်နေချိန် ဂျိုင်းမြစ်ထဲ စစ်သင်္ဘောကနေ လက်နက်ကြီးပစ်ချထည့်တာ ရွာထဲကျပြီး အခုရွာရဲ့ ၄ ပုံမှာ ၃ ပုံလောက် မီးလောင်ကုန်ပြီ။ လမ်းမ ၅ ခုရှိတာ၊ ၄ လမ်းကုန်ပြီမီးလောင်လို့၊ သရဏာရွာဘက်မှာတော့ စစ်တပ်နဲ့ ကရင်အဖွဲ့၊ မွန်အဖွဲ့ ၊ PDF အဖွဲ့တွေ ပစ်ခတ်နေတယ် ” ဟု ကော့ပေါက်ရွာ ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၂၄ ရက်က ကော့ဘိန်းရွာရဲစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း သရဏာ၊ ဓမ္မသ၊ ကော့ပေါက်ကျေးရွာများဘက်သို့ စစ်တပ်စစ်ကြောင်းများ ဝင်ရောက်လာခဲ့ပြီး ယနေ့ မတ်လ ၂၇ ရက်တွင် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း သိရှိရသည်။

Photo-CJ

မင်းရွာဒေသခံတစ်ဦးကလည်း “စစ်တပ်က ကော့ဘိန်းရဲစခန်းကို ပြန်သိမ်းဖို့ စစ်ကြောင်း ၂ခု လာနေ တယ်။ ဖားအံဘက်က ခရား ၊ သံလှယ်ရွာဘက်ကနေ ဂျိုင်းမြစ်ကူးပြီး လာတဲ့စစ်ကြောင်းရယ်၊ မော်လ မြိုင်ဘက်က သရဏာရွာလမ်းကလာတဲ့ စစ်ကြောင်းရယ် နှစ်ဖက်ပိတ်ဖို့လာတာရှိတော့ PDF တွေနဲ့ တိုက်ပွဲဖြစ်တာပေါ့။ လေယာဉ် နဲ့ လာပစ်တယ်၊ မြစ်ထဲက စစ်သင်္ဘောကလည်း ပစ်တယ်”ဟု ပြောသည်။

ကော့ဘိန်း တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်က ၅ ဦး သေဆုံးပြီး ၂၃ ဦး လက်နက်ချအညံ့ ခံ ခဲ့သလို ရဲမိသားစုများအား ကူညီစောင့်ရှောက်ပေးထားရကြောင်း၊ ကော့ကရိတ်ဒေသအခြေစိုက် ဂဠုန် စစ်ကြာင်းက တော်လှန်ရေး ရဲဘော် ၂ ဦး ကျဆုံးကြောင်း တော်လှန်ရေးတပ်ဖွဲ့ ပူးပေါင်းစစ်ကြောင်းများ၏ ထုတ်ပြန်ချက်အရ သိရသည်။