Home သတင်း လမ်းပိတ်ကင်းယူနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

လမ်းပိတ်ကင်းယူနေသည့် စစ်ကောင်စီတပ်သားများ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံး

153
Photo: Crd

မတ်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်ရှိ ဇဟာကျေးရွာလမ်းမကြီးပေါ်တွင် လမ်း ပိတ်၍ လုံခြုံရေးနေရာယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနီးကပ်ဝင်ရောက်တိုက်ခိုက်ခံရပြီး တပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးသွားကြောင်း ဗထူးတပ်မတော်က ယမန်နေ့ မတ်လ (၂၇)ရက်နေ့ညတွင် ထုတ်ပြန်ထားသည်။

မတ်လ (၂၇)ရက်နေ့ ညနေ(၅)နာရီးအချိန်ခန့်က ဇဟာကျေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီ အမြှောက်တပ်(အမတ-၃၀၂)တပ်ရင်းမှ တပ်မတော်နေ့အခမ်းအနားအတွက် ကျေးရွာရှိ လမ်းမကြီး အားပိတ်၍ လုံခြုံရေးယူနေစဉ် ဗထူးတပ်မတော်(BHA)နှင့် ရေဖြူပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(YPPDF)ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဗထူးတပ်မတော်မှ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ပြောသည်။

၎င်းက “အဲဒီ စကစက ကောင်တွေက ဇဟာကျေးရွာ လမ်းမကြီးကိုပိတ်ပီး လမ်းမကြီးပေါ်မှာ ကင်းယူ နေတဲ့အချိန် ညနေ ၅နာရီခွဲလောက်ပေါ့။ အဲတာကို ဝင်ရောက်တိုက်ခိုက်တာဗျ။ ကျနော်တို့ဘက်ကတော့ ထိခိုက်မှုမရှိဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း လုံခြုံရေးယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ တချို့ ရှိခဲ့ကြောင်း ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ဆက်ပြောသည်။

ထို့အပြင် စစ်ရေးအရှိန်တိုးမြင့်လာသည့်ကာလအတွင်း ဒေသခံများအနေဖြင့် အသွား အလာသတိပြုကြရန် နှင့် အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ ပျူစောထီး၊ ပြည်သူ့စစ်များ နှင့် စစ်ကောင်စီတပ်သားများအနေဖြင့် ပြည်သူထံအမြန်ခိုလှုံကြရန်လည်း ဗထူးတပ်မတော်၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် တိုက်တွန်း ဖော်ပြထား သည်။