Home သတင်း ဖက်ဆစ်စနစ်နှင့် အကြမ်းဖက်စစ်တပ်အား တိုက်ဖျက်ရေး ပူးပေါင်းတော်လှန်ကြရန် DYC တိုက်တွန်း

ဖက်ဆစ်စနစ်နှင့် အကြမ်းဖက်စစ်တပ်အား တိုက်ဖျက်ရေး ပူးပေါင်းတော်လှန်ကြရန် DYC တိုက်တွန်း

139
Photo -DYC & MWD

မတ်လ ၂၇ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ဖက်ဆစ်စနစ်သည် လူ့အဖွဲ့အစည်းအတွက် ဘေးထွက်ဆိုးကျိုးများသည့် စနစ်တစ်ခုဖြစ်၍ ဖက်ဆစ်စနစ်နှင့် အကြမ်းဖက်စစ်တပ်အား တိုက်ဖျက်ရေးအတွက် ပူးပေါင်းတော်လှန်ကြရန် ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၉ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အတွက် ပေးပို့သည့် ဒီမိုကရက်တစ်လူငယ်ကောင်စီ (DYC) ၏ သဝဏ်လွှာထဲတွင် တိုက်တွန်းသည်။

ဖက်ဆစ်စနစ်သည် ဗဟိုချုပ်ကိုင်မှုလွန်ကဲသည့် အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ် ခေတ်နောက်ပြန် ဆွဲပြီး တိုးတက်မှုကို ကျောခိုင်းနေသည့်အတွေးအခေါ်များနှင့်ဖွဲ့စည်းကာ အမျိုးသားရေးဝါဒ၊ သတင်းမီဒီယာအား ဝါဒဖြန့်ချိရေးသဖွယ် အသုံးပြုလျက်ရှိသည့် စနစ်ဆိုးစနစ်ယုတ်တစ်ခုဖြစ်သည်ဟု DYC က ပြောသည်။

မြန်မာနိုင်ငံ၏ ဖက်ဆစ်တော်လှန်ရေးနေ့သည် ဗမာတိုင်းရင်းသားအပါအဝင် တိုင်းရင်းသားအင်အားစုများက ပြည်ပရန်ကို တိုက်ထုတ်အောင်မြင်ခဲ့သည့် နေ့ထူးနေ့မြတ်လည်းဖြစ်ပြီး လွတ်လပ်ရေးရပြီး ယနေ့ ၇၉ နှစ်ကြာမြင့် သည်အထိ ဖက်ဆစ်စနစ်ကို ဆက်လက်တွန်းလှန်နေကြရဆဲဖြစ်သည်ဟု DYC သဝဏ်လွှာတွင် ဖော်ပြထားသည်။

Photo- DYC & MWD

ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်တွန်းလှန်ခဲ့ကာ ဂုဏ်သိက္ခာကြီးမားပြီး သမိုင်းကောင်းရှိသည့် မြန်မာ့တပ်မတော်သည် စိတ်မကောင်းစွာ ဖက်ဆစ်စနစ်အား စွဲကပ်ကျင့်သုံးနေသည်ကို တွေ့ရှိရကြောင်း၊ စစ်တပ် ဦးဆောင်သူများ၏ အာဏာအပေါ်ရူးသွပ်ခြင်း၊ ကိုယ်ကျိုးစီးပွားအပေါ်အလေးထားဆောင်ရွက်ခြင်း၊ အကျင့်ပျက်ခြစားခြင်းအပြင် စစ်စည်းကမ်းဥပဒေများအပေါ် လေးစားလိုက်နာမှုလည်းမရှိခဲ့ကြောင်း DYC က ထောက်ပြသည်။

၎င်းအပြင် နိုင်ငံသားများအပေါ် ရန်သူသဖွယ် ပြုမူ၊ ဆက်ဆံ၊ ဖမ်းဆီးချုပ်နှောင်သတ်ဖြတ်မှုကြောင့်ပင် ယနေ့ စစ်တပ်တွင် “အကြမ်းဖက်တပ်၊ ဖက်ဆစ်တပ်နှင့်မုဒိမ်းစစ်တပ်” ဆိုကာ ဂုဏ်ပုဒ်များဖြင့် ဒေသတွင်းသာမက ကမ္ဘာပေါ်တွင်ပါ ကျော်ကြားသိရှိနေကြပြီဖြစ်သည်ဟုလည်း DYC သဝဏ်လွှာထဲတွင် ပြောဆိုထားသည်။

ထို့ကြောင့် အကြောက်တရားငြိမ်းအေးစေလိုသည့် အင်အားစုအားလုံးအနေဖြင့် မိမိတို့၏ ကိုယ်ကျိုးစီးပွား၊ အဖွဲ့အစည်း၏ ကိုယ်ကျိုးစီးပွားအားရှေ့တန်းမတင်ဘဲ အာဏာရှင်စနစ်နှင့် ဖက်ဆစ်စနစ်အား ဦးစားပေးလုပ်ငန်းစဉ်အဖြစ် တွန်းလှန်ကြရန်ကိုလည်း DYCက တိုက်တွန်းထားသည်။