Home တွေ့ဆုံမေးမြန်းခန်း ရွှေ့ပြောင်းကျောင်းသူဘဝမှ ဒေါက်တာဘွဲ့ရခဲ့သူ ဒေါက်တာနန်းလှိုင်လှိုင်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

ရွှေ့ပြောင်းကျောင်းသူဘဝမှ ဒေါက်တာဘွဲ့ရခဲ့သူ ဒေါက်တာနန်းလှိုင်လှိုင်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

436

ရွှေ့ပြောင်းကျောင်းသူဘဝမှ ဒေါက်တာဘွဲ့ရခဲ့သူ ဒေါက်တာနန်းလှိုင်လှိုင်မိုးနှင့် တွေ့ဆုံမေးမြန်းခြင်း

——————–
‘ကျမရဲ့ အတွေ့ကြုံပေါ်အခြေခံပြီးတော့ ပြောချင်တာတစ်ခုရှိတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှအထင်မသေးနဲ့ ဘယ်တော့မှလည်း လျှော့မတွက်နဲ့။ တကယ်လုပ်ရင် တကယ်အောင်မြင်မယ်လို့ ကျမကတော့ ယုံကြည်တယ်။ ’ ဒေါက်တာနန်းလှိုင်လှိုင်မိုး

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ် ( ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်) ဝင်းကကျေးရွာ ဇာတိ ဒေါက်တာ နန်းလှိုင်လှိုင်မိုးသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းစာသင်ကျောင်းတွင် ပညာသင်ယူရင်း ဒေါက်တာဘွဲ့ရရှိခဲ့သူဖြစ်သည်။ ရွှေ့ပြောင်းကျောင်းမှာ ပညာသင်ခဲ့ရသည့် အတွေ့အကြုံနှင့် ဒေါက်တာဘွဲ့ရရှိသည်အထိ သူကြိုးစားခဲ့သည့် ဖြတ်သန်းမှုနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းထားခြင်းဖြစ်သည်။

မေး။ ပထမဦးဆုံးအနေနဲ့ ဒေါက်တာရဲ့ ဘဝအကြောင်းလေး အကျဉ်းချုံးမိတ်ဆက်ပေးပါအုံး။
ကျမက ဝင်းကကျေးရွာမှာနေတယ်။ ၂၀၀၄ ခုနှစ်မှာတော့ ကျမက မဲဆောက်မြို့ မြန်မာ ရွှေ့ပြောင်းကျောင်းဖြစ်တဲ့ CDC ( Children Development Centre ) ကျောင်းမှာ ကျောင်းတက်ခဲ့တယ်။ အထက်တန်းအထိပေါ့။ ပြီးတော့ မင်းမဟော်ကျောင်းမှာတက်ပြီးတော့ Asia University for Women တက်တယ်။ ပြီးတော့ ကျမအလုပ်ပြန်လုပ်တယ်။ နောက်ပြီးတော့ ကျမက အွန်လိုင်း Study လုပ်ရင်း PhD ပြီးအောင် တက်လိုက်တယ်ပေါ့နော်။ ကျမအကြောင်းပြောရမယ်ဆိုရင် ကျမက ဒီရွှေ့ပြောင်းကျောင်းမှာ ကျောင်းတက်ဖို့အတွက် မဲဆောက်ကို ရောက်လာခဲ့တာ မဟုတ်ပါဘူး။ အမှန် တော့ ကျမက မဲဆောက်မှာ ဆေးလာကုတော့ ရက်ချိန်းက တစ်လတစ်ခါ ခဏခဏရှိတော့ ကျမ ဒီမဲဆောက်မှာပဲ နေလိုက်ရင်း ကျောင်းပါတက်လိုက်တာပေါ့နော်။

မေး။ အခု ရရှိတဲ့ ဒေါက်တာဘွဲ့က ဘယ်လိုဘွဲ့အမျိုးအစားဖြစ်ပါသလဲ။ ဘယ်ခုနှစ်တုန်းက အောင်မြင်ခဲ့ပါသလဲ။
ကျမက နိုင်ငံတကာ တက္ကသိုလ် အွန်လိုင်းတက္ကသိုလ်မှာပဲ ဒေါက်တာဘွဲ့ရခဲ့တယ်။ ကျမ ရခဲ့ တဲ့ဘွဲ့ ဒေါက်တာဘွဲ့က (Psychology and Leadership)။ ကျမ PhD ဘွဲ့ယူတာ ၂၀၂၁ ခုနှစ်၊ ပြန်မာ ပြည်မှာ ပြည်တွင်းပဋိပက္ခ အရမ်းဖြစ်တဲ့အချိန်ဖြစ်တယ်။ သူများစိတ်တွေ မသိရသေးခင်အချိန်မှာ ကျမကိုယ်ကျမ ပြန်သိချင်တယ်။ အဲဒီအတွက် ဒီဘာသာရပ်ကို ကျမက ရွေးချယ်တာဖြစ်တယ်။ Bachelor Degree မာစတာ ပြီးတော့ PhD ရဖို့တစ်ခုပဲ ကျန်တော့ မိဘဆုံးမထားသလို အလုပ်တစ်ခုလုပ်ရင် ပြီးအောင်လုပ်ပြောထားတဲ့အတွက် PhD ပြီးတဲ့အထိ ယူလိုက်တာဖြစ်တယ်။ အဲဒီတော့ ကျမက အချိန်ပိုင်း အလုပ် ၃ ခုနဲ့ အချိန်ပြည့် အလုပ်တစ်ခု လုပ်နေရတယ်။ ကိုယ့်ရတဲ့ပိုက်ဆံကို ကိုယ်သုံးဖို့အတွက်နဲ့ ပညာရေးအတွက် စီမံခန့်ခွဲရတယ်။

ပြီးတော့ အပျော်အပါး အလှအပတွေလည်း သူများလို မလုပ်နိုင်ဘူး။ နောက်ပြီး အလုပ်လုပ်ပြီး ရတဲ့ ပိုက်ဆံတွေကို ကားဝယ်၊ ဖုန်းဝယ်၊ အဝတ်အစား၊ အလှပြင်ပစ္စည်း ဝယ်မနိုင်ဘူး။ ကိုယ်ရတဲ့ပိုက် ဆံတွေက ကိုယ့်ပညာရေးမှာ ပြန်အသုံးပြုနေရတယ်ပေါ့။ အခုတော့လည်း ဒါတွေက ကျော်ဖြတ်သွား နိုင်ပြီပေါ့နော်။ Bachelor Degree ယူတုန်းက ဒေါ်လာ ၃ ထောင်လောက်ပဲ ကုန်တယ်။ PhD တက်တဲ့ အခါမှာတော့ စကောလားရှစ် ထောက်ပံ့ကြေး ၆၀ ရာခိုင်နှုန်းပဲရတော့ ဒေါ်လာ ၇ ထောင်အထိတော့ ကိုယ့်ဘာကိုယ် စိုက်ထုတ်ရသေးတာပေါ့။ မာစတာနဲ့ PhD နှစ်ခုပေါင်းလိုက်ရင် ဒေါ်လာ တစ်သောင်းကျော်အထိတော့ ကုန်တာပေါ့။

မေး။ ဘယ်လို တွန်းအားမှုတွေကြောင့် ဒေါက်တာဘွဲ့ရရှိတဲ့အထိ ကြိုးစားပြီး ပညာသင်ယူခဲ့သလဲ။
ကျမက ပြည့်စုံတဲ့ မိသားစုက လာတာမဟုတ်ဘူးဆိုတော့ ကြိုးစားရတယ်။ ပြီးတော့ ကိုယ် ကိုယ်တိုင်ကလည်း လေ့လာသင်ယူချင်တယ်။ ဒီလမ်းလျှောက်လှမ်းနေပြီးဆိုရင် ပြီးဆုံးတဲ့အထိ လျှောက် လမ်းချင်တာလည်းပါတယ်။ ကိုယ့်အနီးနားမှာကြည့်လိုက်ရင် ဒီလမ်းကြောင်းအထိ မလျှောက် နိုင်ခဲ့တာလည်း အများကြီးရှိတယ်။ တဖက်ကလည်း ကျမတို့လို ရွှေ့ပြောင်း ကျောင်းသားလူငယ် တွေဘက်ကြည့်ရင် စံပြအနေနဲ့သွားချင်တယ်။ ဒီအစ်မက လုပ်နိုင်တယ်၊ သူတို့လည်း လုပ်နိုင်ရမယ်၊ အဲလို စိတ်လေးတွေ ဖြစ်စေချင်တာပေါ့နော်။ ကျမတို့တုန်းကတော့ ကိုယ့်အရှေ့မှာ စံပြမရှိဘူး၊ လုပ်ပြီး ဆိုရင် ပြီးဆုံးချင်တဲ့အထိ သွားချင်တဲ့စိတ်ပဲရှိတယ်။

ပြီးတော့ မိသားစုဘက်ပြန်ကြည့်ရင် မိသားစုဘက်ကလည်း ငွေကြေးချမ်းသာတာမဟုတ်တော့ ဒီလိုဘွဲ့ရဖို့က မိသားစုဆီက ငွေကြေးထောက်ပံ့မှုတွေတော့ မရဘူး။ ဒါပေမယ့် မိဘတွေက အား ပေးစ ကား၊ ဆုံးမစကားတွေတော့ ရတယ်။ မိဘတွေကလည်း ပညာတတ်မဟုတ်တော့ ဒီကျောင်းကို သွားရ မယ်၊ ဘယ်ဒီဂရီ ယူရမလဲဆိုတာတွေက သူတို့လမ်းမညွှန်ပေးတတ်ဘူးပေါ့။ အဲဒါကြောင့် ကိုယ်ကိုယ် တိုင်ကပဲ လုပ်ဆောင်ရတယ် သွားနေရတယ်ပေါ့။

မေး။ ရွှေ့ပြောင်းစာသင်ကျောင်းမှာ ကျောင်းတက်ခဲ့တဲ့အတွေ့အကြုံနဲ့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖြစ်တဲ့ အခြေအနေတွေကိုလည်း နည်းနည်း ပြောပြပေးပါအုံး။
မဲဆောက်မှာ ပြီးခဲ့တဲ့ ၂၀၁၁-၂၀၁၂ တုန်းကတော့ ၁၀ တန်းအထိပဲရှိတယ်။ Grade-12 အထိ မရှိဘူး။ ၁၀ တန်းပြီးသွားရင် တခြားကျောင်းဆက်တက်ဖို့က အရမ်းကိုခက်ခဲနေတယ်။ အဲဒီ အချိန် တုန်းက အသက်ငယ်ပေမယ့်လည်း တော်တော်လေးကိုစိတ်ရှုပ်ထွေးခဲ့ရတယ်။ ၁၀ တန်းပြီးသွားရင် ဘယ်ကို ဆက်သွားရမလဲ၊ အနီးအနားမှာကြည့်လိုက်ရင် သူငယ်ချင်းတွေကလည်း ၁၀တန်းမရောက်ဘဲ ကျောင်းထွက်လိုက်သူကထွက်၊ ရည်းစားထားတဲ့အရွယ်ဆိုတော့ ရည်းစားထားတဲ့သူကထား၊ အိမ်ထောင် ကျတဲ့သူကကျ ကိုယ်ကလည်း အသက်ငယ်တော့ ကိုယ့်ကိုယ်ကို တော်တော်လေး ပြန်ထိန်းနေရတယ်။

ရွှေ့ပြောင်းကျောင်းတုန်းကတော့ အဆင်မပြေမှုတွေအများကြီးရှိတယ်။ ဆရာ ဆရာမတွေ ဆိုရင်လည်း အတည်တကျမရှိဘူး။ တစ်ခါတစ်လေနှစ်လသုံးလ စာသင်ပြီး ထွက်သွားလိုက် တာတွေလည်း ရှိတယ်။ နောက်ပြီး ထိုင်းနိုင်ငံမှာနေတော့ ထိုင်းစကား မတတ်တဲ့အခက်အခဲရှိတော့ ပုလိပ်တွေကိုလည်းကြောက်ရတာတွေရှိတယ်။ ဟိုမှာကျတော့ နင်က ရွှေ့ပြောင်းကျောင်းသား၊ မြန်မာပြည်ကကျောင်းသားလားဆိုပြီး ဘယ်သူမှဂရုမစိုက်ဘူး၊ အားလုံးတူတူပဲ ထားတယ်။ ပရော်ဖက် ဆာတွေက အလုပ်ကိုတိတိကျကျလုပ်တယ်။ ၂ နှစ်၊ ၃ နှစ် သင်ပြီး သူတို့ သတ်မှတ်တဲ့ နှစ်ပြည့်မှ ထွက်ရင်ထွက်လို့ရတတယ်။ စာသင်တဲ့နေရာမှာလည်း တိကျမှုရှိတယ်။ ကျောင်းသားနဲ့ ဆရာ/ဆရာမကြားမှာလည်း ရင်းနှီးမှုရှိတယ်။ အဲလိုတွေကွာတာရှိတာပေါ့။

သူများနိုင်ငံမှာ ကျောင်းသွားတက်ခဲ့ရတဲ့အချိန်တုန်းကဆိုရင် ကျမတို့ကျောင်းက နိုင်ငံ ၁၆ နိုင်ငံ က ကျောင်းသူ/သားတွေ လာတက်ခဲ့ကြတယ်။ စာလိုက်မီဖို့က ခက်ခဲတယ်၊ အင်္ဂလိပ်စာအပိုင်းရောပေါ့။ သူများတွေက ၁ နာရီစာ လုပ်နေရတဲ့အချိန်မှာ ကိုယ်က ၅ နာရီလောက်အချိန်ယူ စာလုပ်ခဲ့ရ တာတွေရှိတယ်။ အချိန်အများကြီး ပေးခဲ့ရတယ်။ Scholarship အပြည့်ရပြီးသူများနိုင်ငံမှာ ကျောင်းသွားတက်ခဲ့ရတယ်ဆိုတော့ အဓိကတော့ အမှတ်မပြည့်မှာ အရမ်းကြောက်တာ၊ ငါအမှတ် မပြည့်ရင်သူများ Scholarship မပေးတော့ဘူးဆိုတော့ အဲလို ကြောက်စိတ်တွေတော့ရှိတယ်။

မေး။ ဒေါက်တာအနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့ အလုပ်နဲ့ပတ်သက်ပြီး ပြောပြပေးပါအုံး။ နောက်ပြီး ဘယ်လို တာဝန်တွေယူထားပါသလဲ။
ကျမ ၂၀၁၉ ကျောင်းပြီးကတည်းက Save the Children Thailand မှာလုပ်တယ်။ အခု Program Manager တာဝန်ယူထားတယ်။ ကျမတို့ လုပ်ရတာတွေက ရွှေ့ပြောင်းကလေးတွေကို ကြည့်ရှုတယ်ပြီးတော့ ကျောင်းဆရာ/ဆရာမ လစာပေးတဲ့အပိုင်းလည်းရှိတယ်။ နောက်ပြီး GED ဝင်ဖြေတဲ့ ကလေးတွေအတွက် ဝင်ခွင့်ထောက်ပံ့မှုတွေပေးတာတွေလည်း ရှိတယ်။

ကျမ ဘင်္ဂလားဒေ့ရှ် မှာကျောင်းတက်တဲ့အချိန်ကတည်းက ဒီအလုပ်ကို ကြိုပြီးလျှောက် ထား တယ်။ Final Year ကျောင်းပြီးရင် ဘယ်သူမှထမင်းကျွေးတော့မှာမဟုတ်တော့ဘူး။ မိဘတွေလည်း ကိုယ့်ကို ထောက်ပံ့နိုင်မှာမဟုတ်ဘူးဆိုတော့ ဘန်ကောက်၊ ရန်ကုန်တွေမှာလည်း အလုပ်ကိုသွား စမတ် တာရှိတယ်။ ကံကောင်းသွားတာက ကျမနေခဲ့တဲ့ မဲဆောက်မှာပဲ ပြန်ရတာသွားတာပေါ့။ ဒီမှာအလုပ် ပြန်လုပ်တဲ့အခါမှာ ကျမက Program Coordinator လုပ်ရတယ်။

မေး။ ပညာရေးဆိုတာက ကျောင်းသားလူငယ်ထုတွေအတွက် ဘယ်လောက်ထိအရေးပါတယ်လို့ ဒေါက်တာ ရှုမြင်ပါသလဲ။
ပညာဆိုတာက ကျမထက်ငယ်တဲ့ မောင်တွေညီမတွေ လူငယ်တွေကို ပြောချင်တာက ပညာ ဆိုတာက ကျောင်းစာသင်ခန်းထဲမှာပဲ သင်ယူနေရတာမဟုတ်ဘူး။ ကျောင်းပြင်ပမှာလည်း သင်ယူရ တာတွေအများကြီးရှိတယ်။ ကျောင်းစာသင်ခန်းထဲမှာက ဘယ်လိုတွေးရလဲ၊ ဘယ်လို သင်ယူမှု တွေလုပ်နေရလဲ၊ အဲဒါတွေတော့ သင်ပေးပေမယ့်လည်း အပြင်မှာကိုယ့်ဘာကိုယ်လည်း သင်ယူနေရတာတွေရှိတယ်။ ကျမအမြင်နဲ့ပြောရရင် ပညာရေးကအရေးကြီးဆုံးဖြစ်တယ် ။

ဘာဖြစ်လို့လဲဆိုရင် ကျမတို့တွေးလိုက်တဲ့ အတွေးအခေါ်တွေက မှားလားမှန်လားဆိုတာ ကိုယ့်ကိုယ်ကိုလည်း သိလာတယ်။ ကိုယ့်ပညာရေးက မြင့်လာရင် ကိုယ့်ကိုယ် ပြန်သွန် သင်ဆုံး မလို့ရတယ်။ ကိုယ့်ရည်မှန်းချက်နဲ့ ကိုယ့်လုပ်ဆောင်ချက်က တူညီရမယ်။ အခုနောက်ပိုင်းဆိုရင် ကျမတွေ့တာပေါ့နော်၊ လုပ်တာတွေက တော်တော်လုပ်ကြတယ်။ ဒါပေမယ့် ကိုယ့်ရည်မှန်းချက်နဲ့က မကိုက်တာတွေရှိတယ်။

မေး။ နယ်စပ်ဒေသမှာရှိတဲ့ ရွှေ့ပြောင်းကျောင်းသားလူငယ်တွေကို ဒေါက်တာ့အနေနဲ့ ဘာများ အားပေး စကားပြောချင်ပါသလဲ။
ရွှေ့ပြောင်းလူငယ်တွေကို ပြောချင်တာက ကျမရဲ့ အတွေ့ကြုံပေါ်အခြေခံပြီးတော့ ပြောချင် တာတစ်ခုရှိတယ်။ ကိုယ့်ကိုယ်ကို ဘယ်တော့မှအထင်မသေးနဲ့ ဘယ်တော့မှလည်း လျှော့မတွက်နဲ့။ အရင်တုန်းကဆိုရင် ကျမလည်း ကိုယ့်ကို ပြန်ပြီး အထင်သေးခဲ့တာတွေရှိတယ်။ ငါမလုပ်နိုင်ဘူး၊ ငါက ရွှေ့ပြောင်းကျောင်းသားပဲ ငါ့မှာဘာအခွင့်အရေးမှမရှိဘူး။ ဘာမှမလုပ်နိုင်ဘူး ဆိုပြီးတော့ပေ့ါ။ မိဘဘေးနားမှာ ကြီးပြင်းလာတဲ့ ကလေးမဟုတ်ရင် သိမ်ငယ်ရတာတွေလည်းရှိတယ်။ ဒါကြောင့် မိဘရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ပြည်တွင်းမှာပဲဖြစ်ဖြစ်၊ ရွှေ့ပြောင်းနေရာမှာပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကို ဘယ်တော့မှအထင်မသေးပါနဲ့။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်က မွေးဖွားလာပြီး ကြီးပြီး လာပြီးဆိုရင် ကိုယ်တတ်ချင်ရင် ဖြစ်ချင်ပြီးဆိုရင် လုပ်ရင်တော့ဖြစ်ကိုဖြစ်တယ်။

နောက်ပြီး ကိုယ်ဘယ်မှာနေလဲ၊ ကိုယ်နေတဲ့ အရပ်ဒေသမှာ သူတို့ဘာသာစကားကို တတ်မြောက်အောင် လုပ်ထားပါ။ ထိုင်းမှာနေမယ်ဆိုရင် ထိုင်းစကား၊ ထိုင်းစာကိုတော့ တတ်အောင်လုပ်ထားပါ။ တကယ်လို့ ကိုယ်ဒီမှာပဲနေမယ်ဆိုရင် အခွင့်အရေးရှိလို့ တက္ကသိုလ် တက်ရမယ်ဆိုရင် ထိုင်းမေဂျာကို ယူဖို့ ပြောချင်ပါတယ်။ International မေဂျာမဟုတ်ရင်လည်း ထိုင်း Program လည်းယူလို့ရတယ်။ ကျမတို့ ရွှေ့ပြောင်း ကလေးတွေက ဒီမှာပဲကျောင်းပြီးရင် ဒီမှာပဲ အလုပ်ပြန်လုပ်ဖို့ရှိတယ်။ ထိုင်းစကား၊ ထိုင်းစာ ရရင် ကိုယ့် အတွက်က ကောင်းတယ်။ အင်္ဂလိပ်ဘာသာစကားကလည်း ကောင်းပါတယ်။ ကျမတို့က ဒီထိုင်းနိုင်ငံမှာ နေတာဖြစ်တဲ့ အတွက်ကြောင့် သူတို့ စာပေစကားကို ချစ်မြတ်နိုးရင် သူတို့လည်း ကိုယ့်ကိုယ်ပြန် ချစ်မြတ်နိုးမယ် အဲဒီတစ်ခုတော့ပြောချင်ပါတယ်။

နောက်တစ်ခုက စာများများဖတ်ပါ ဒီစာကကိုယ်ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဖတ်ကြည့်စေချင်တယ်။ တစ်ရက်ကို နည်းနည်းစီပဲဖတ်ကြည့် ရက်ပေါင်းများပြီး ဖတ်တာများလာရင် ဒီစာကို ကိုယ်ကြိုက်သွားမယ်။ ရွှေ့ပြောင်းကလေးတွေက ကိုယ့်ကိုယ်ကိုသိမ်ငယ်တာတွေရှိတယ်။ ဒါပေမယ့် ကိုယ်လုပ်ရင်တော့ အောင်မြင်မှာပဲ သိမ်ငယ်မှုတွေမထားစေချင်ပါဘူး။ တကယ်လုပ်ရင် တကယ်အောင်မြင်မယ်လို့ ကျမကတော့ ယုံကြည်တယ် ကြိုးစားကြည့်ပါ။ ကျမအများစုတွေ့တာက ရွှေ့ပြောင်းကလေးအများစုက ၁၀ တန်းပြီး Post –Ten (အထက်တန်းလွန်)ကျောင်းပြီးသွားရင် ရှေ့ဆက်မရှိတော့ဘူး။ သူတို့ ၁၂ တန်းကျောင်းပြီးသွားရင် ဘယ်လိုသွားရမလဲ မသိတော့ ရွာမှာပဲ ပြန်နေရမလား၊ ဘန်ကောက်တက်ပြီးအလုပ်လုပ်ရမလား၊ စစ်ထဲကိုပဲဝင်ရမလား စဉ်းစားနေရတာ များတယ်ပေါ့။ ကျမကိုယ်တိုင်လည်း အဲဒီလိုကြုံခဲ့ဖူးပါတယ်။ အဲဒါကြောင့် စာကို ဖတ်နေရတာ ။ ထမင်း စားမှ အားရှိသလို ဦးနှောက်ကောင်းဖို့အတွက် စာဖတ်ပြီး ဦးနှောက်အစာဖြည့်ရပါတယ်။ နောက်တစ်ခု က သင်တန်းတွေ များများတက်ပါ။ ကိုယ်များများ သွားနိုင်မှ မြင်လာရမယ်တွေ့လာရမယ်။ သင်တန်း များများတက်တော့ သွားရဲလာရဲလာမယ်။ ယုံကြည်မှုတွေရှိလာမယ်။