Home သတင်း တောင်ငူမြို့နယ်တွင် စစ်မှုထမ်းရန်ရှောင်တိမ်းပါက မိသားစုဝင်များကို အန္တရာယ်ပေးမည်ဟု ခြိမ်း ခြောက်

တောင်ငူမြို့နယ်တွင် စစ်မှုထမ်းရန်ရှောင်တိမ်းပါက မိသားစုဝင်များကို အန္တရာယ်ပေးမည်ဟု ခြိမ်း ခြောက်

180
Photo: SAC

မတ်လ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး (အရှေ့ပိုင်း)၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်းရန်နာမည်စာရင်းတွင် ပါဝင်နေသူများ နေအိမ်မှ ရှောင်တိမ်းမှုရှိပါက မိသားစုဝင်များကို အန္တရာယ်ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံများထံမှ သိရသည်။

တောင်ငူမြို့နယ်၊ ကျောက်တိုင်ကျေးရွာအုပ်စုနှင့် ရှမ်းဝါးတီးကျေးရွာများမှ စစ်မှုထမ်းရန် အသက်ပြည့် မီသူများစာရင်းထွက်ရှိလာပြီး တောင်ငူ-သံတောင်လမ်း (၆)မိုင် အုပ်ချုပ်ရေးမှူးက ထိုစာရင်းတွင် ပါဝင်နေသူများ နေရပ်မှရှောင်တိမ်းနေသည်ကိုတွေ့ရှိလျှင် ကျန်ရှိမိသားစုဝင်များကို အန္တရာယ် ပေးမည်ဟု ခြိမ်းခြောက်ပြောဆိုကြောင်း တောင်ငူဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်ပတ်တစ်ခါမဲနှိုက်ရမယ်တဲ့ လူကိုယ်တိုင်မလာရင် မိဘကလာနိုက်ပေးရမယ်။ ကျောက်တိုင်အုပ်စုက ဒီအပတ်သောကြာနေ့စနိုက်ရမှာ။ အုပ်ချုပ်ရေးမှူးက နာမည်စာရင်းမှာပါတဲ့သူတွေ အသိ မပေးဘဲ ရှောင်နေရင် မိသားစုဝင်တွေ၊ မိဘတွေကို ဒုက္ခပေးမယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ သင်္ကြန် ပြီးရင်လည်း မိန်းကလေးတွေလာတော့မယ် စာရင်းတော့မှတ်နေပြီ။” ဟု ၎င်းအမျိုးသမီးက ပြောသည်။

စစ်မှုထမ်းရမည့်အမည်စာရင်းတွင် ပါဝင်နေသူများမှာ အသက်(၂၀)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများဖြစ်ပြီး ၎င်းတို့၏မိဘအမည်နှင့်တကွ ယှဥ်တွဲဖော်ပြထားကြောင်း ဒေသခံများ၏ပြောပြချက်နှင့် အဆိုပါအမည်စာရင်းအရ သိရသည်။

အမည်မဖော်လိုသူနောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း “ကျောက်တိုင်ဘက်ရွာလူကြီးကတော့ ပြောတာ စစ်မှုထမ်းဖို့နာမည်စာရင်းတော့ စစ်တပ်ကိုပေးထားပြီးပြီ။ စာရင်းမှာပါတဲ့လူတွေမသွားဘူး ဆိုရင် မင်းတို့လာဖမ်းချင်ရင်တော့ လာဖမ်းကြ၊ ငါတို့တာဝန်က နာမည်စာရင်းပေးရမှာပဲရှိတယ်လို့ ပြောတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

Photo: SAC

စစ်ကောင်စီက စစ်မှုထမ်းဥပဒေ အတည်ပြုကြောင်း မထုတ်ပြန်ခင် ပြီးခဲ့သည့် ဇန်နဝါရီ လပိုင်းကတည်းက အဆိုပါရှမ်းဝါးတီးကျေးရွာနှင့် အနီးရှိ ကျေးရွာများသို့ အုပ်ချုပ်ရေး အဖွဲ့နှင့်စစ်ကောင်စီတပ်သားများ လာရောက်ကာ ပြည်သူ့စစ်မှုထမ်းရန် စာရင်းကောက်ခံခြင်း၊ မဲနှိုက်စေခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီး မဲပေါက်၍စစ်မှုမထမ်းလိုသူများအား ငွေကျပ်သိန်းဂဏန်းအထိ တောင်းခံခဲ့ကြကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

စစ်ကောင်စီ၏သတင်းပြန်ကြားရေးအဖွဲ့က စစ်မှုထမ်းရန် တစ်နှစ်လျှင် အင်အား(၅၀,၀၀၀)နှုန်းဖြင့် အပတ်စဥ်တစ်ခုလျှင် လူပေါင်း (၅,၀၀၀)အား ယခုနှစ် ဧပြီလနောက်ပိုင်းမှစတင် ခေါ်ယူသွားမည်ဖြစ်ကြောင်း ဆိုထားသော်လည်း အချိန်မတိုင်ခင်ကတည်းက အတင်းအကြပ်တပ်သားစုဆောင်းမှုများကို နိုင်ငံအနှံ့ပြုလုပ်လာနေခြင်းဖြစ်သည်။

စစ်တပ်၏လူအင်အားစုဆောင်းမှုများသည် စစ်ရေးအင်အားချိနဲ့လာမှုကြောင့် ၎င်းတို့၏အကျိုးစီးပွားကိုကာကွယ်ရန် လုပ်ဆောင်သော လုပ်ရပ်များဖြစ်သလို ပြည်သူလူထုအား လူသားဒိုင်းအသွင်သို့ အသုံးချရန်ကြံရွယ်သည့်လုပ်ရပ်များလည်း ဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများက သုံးသပ်ပြောဆိုကြသည်။