Home သတင်း ရှမ်းပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၁၆ ဦးသေဆုံးကြောင်း PNLA ထုတ်ပြန်

ရှမ်းပြည်နယ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ အပါအဝင် ၁၆ ဦးသေဆုံးကြောင်း PNLA ထုတ်ပြန်

618
Photo: PNLA

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ကေအိုင်စီ

ရှမ်းပြည်နယ်၊ ဟိုပုံးမြို့နယ်အတွင်း စစ်ကောင်စီတပ် နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) စစ်ကြောင်းအကြား ဖေဖော်ဝါရီလ ၂၅ ရက် ယမန်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ဗိုလ်မှူး ၂ ဦးနှင့် ဗိုလ်ကြီးအဆင့် ၃ ဦးအပါအဝင် ၁၆ ဦးသေဆုံးခဲ့ကြောင်း PNLA က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

PNLA က ပအိုဝ်းဒေသအတွင်း လုံခြုံရေးဆိုင်ရာလှုပ်ရှားနေသည့်နေရာအတွင်းသို့ စစ်ကောင်စီတပ်မှ စစ် ကြောင်းထိုး တိုက်ခိုက်လာခြင်းကြောင့် (PNLA)စစ်ကြောင်းနှင့် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်ဘက်မှ ထိခိုက်သေဆုံးမှုအပြင် လက်နက်ခဲယမ်းများကိုပါ သိမ်းဆည်းရမိခဲ့သည်ဟု (PNLA)၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ MA လက်နက်ငယ် ၁၅ လက်၊ ဒရုန်းပစ် လက်နက် ၁ လက်၊ ပစ္စတို ၁ လက်နှင့် လက်နက်ခဲယမ်းကျည်ဆံများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု PNLA က ထုတ်ပြန်ထားသည်။

ထို့အပြင် ယမန်နေ့က နှစ်ဖက်တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်ဘက်မှ ထမ်းဆမ်း ရွှေတိဂုံ ပုံတူ စေတီတော်ကုန်းတော်တွင် လက်နက်ကြီးတပ်စွဲထားပြီး မဲနယ်တောင်ဒေသနှင့် လွယ်ဝိုးတုတ်ကျေးရွာ ဘက်အတွင်းသို့ တစ်ရက်လုံးနီးပါး လက်နက်ကြီးပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သား ပြည်သူနေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း PNLA က ဆိုသည်။

Photo: PNLA

လတ်တလော ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီက လက်နက် တပ်ဆင်ပေးထားသည့် ပအိုဝ်း ပြည်သူ့စစ်များလည်းပါဝင်ပြီး ၎င်းတို့ ပူးပေါင်းတပ်ဖွဲ့သည် ဘာသာရေးဆိုင်ရာမြင့်မြတ်သည့် နေရာများကို အကာအကွယ်ယူ တိုက်ခိုက်နေကြောင်းလည်း PNLA ဘက်က ပြောသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တိုက်ခိုက်ခြင်းမရှိသေးသည့် PNLA အနေဖြင့် လက်နက် သယ်ဆောင် သည်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရပြီးနောက် နှစ်ဖက် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလ ၂၆ရက်နေ့ကလည်း စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမို ကရေစီရရှိရေးအတွက် ဘဝတူညီနောင် မဟာမိတ်များနှင့်အတူ စစ်ကောင်စီအားတိုက်ခိုက်တော့ မည်ဖြစ် ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ထုတ်ပြန်ထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်ကို ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (SNPLO)မှ ပအိုဝ်း၊ ရှမ်းမျိုးချစ်ခေါင်းဆောင်တစ်ချို့နှင့် အခြားတိုင်းရင်းသားများဖြင့် ၁၉၄၉ ခုနှစ်တွင် ပထမအကြိမ် စတင်တည်ထောင်ခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် ဒုတိယ အကြိမ်ပြန်လည်ဖွဲ့စည်းခဲ့သည်။