Home သတင်း ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်စခန်းတစ်ခု ထပ်မံဆုတ်ခွာ

ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်စခန်းတစ်ခု ထပ်မံဆုတ်ခွာ

738
Photo: FFD

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်၊ ယယ်မူပလောကျေး ရွာအုပ် စုမှာ အခြေချသည့် စစ်ကောင်စီတပ်သည် ဖေဖော်ဝါရီလ ၂၅ ရက်ယမန်နေ့၊ နံနက် ၆ နာရီတွင် စခန်းကိုစွန့်ခွာ၍ အခြားသော တပ်စခန်းသို့ ပြန်လည်ပြောင်းရွှေ့ ပူးပေါင်းသွားကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က ယနေ့ တွင် သတင်းထုတ်ပြန်ထားသည်။

နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA တပ်ဖွဲ့များ၏ ဘက်ပေါင်းစုံ ဝိုင်းဝန်း တိုက်ခိုက်ပိတ်ဆို့မှုအပြင် လေကြောင်းရိက္ခာပို့ဆောင်ခြင်းကိုလည်း ဟန့်တား ထားနိုင်သောကြောင့် စစ်ကောင်စီတပ် ခြေမြန်တပ်ရင်း (ခမရ-၃၄၉) အခြေချသည့် ဗျူဟာစခန်းဖြစ်သော မော်ဖူး(ရိုးစလင်းစခန်း)တပ်စခန်းကိုစွန့်ခွာပြီး ကူခိုတပ်စခန်းသို့ရွှေ့ပြောင်းသွားခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မော်ဖူးတပ်စခန်းသည် ယခင် ကေအဲန်ယူ-ဗဟိုဌာနချုပ်ဟောင်း မာနယ်ပ‌လောစခန်း စွန့်ခွာမှုအပြီး (၂)နှစ်အကြာ ၁၉၉၇ ခုနှစ်အတွင်း၌ (၂၇ နှစ်တိတိ) လာရောက်တပ်စွဲထားသည့် ဗျူဟာတပ်စခန်းတစ်ခုဖြစ်သည်ဟု KNU က ပြောသည်။

ထို့အပြင် မော်ဖူးကို KNLA ၏စစ်ရေးဦးဆောင်မှုဖြင့် Force for Federal Democracy-FFD ဒရုန်းတပ်ဖွဲ့က ပူးပေါင်းပါဝင်ကာ ဒရုန်းဗုံးသီးပေါင်း ၄၀ ကျော်ကြဲချပြီး စနိုက်ပါလက်ဖြောင့်သေနတ်ဖြင့်လည်း ဖိအားပေးတိုက်ခိုက်ခဲ့သေးကြောင်း FFD က ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

Photo: FFD

ထိုသို့ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသည့် စခန်းကိုတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က နယ်မြေရှင်းလင်းရေး လုပ်ဆောင်ရာတွင် ၆၀ မမ အလုံး ၆၀ နှင့် ရှေ့ထွက်မိုင်း ၃ လုံးကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု FFD က ဖော်ပြထားသည်။

အဆိုပါ စခန်းစွန့်ခွာလာသည့် ခမရ−၃၄၉ တပ်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က လယ်ကလေးကျိုးစခန်းကို ကနဦး စွန့်ခွာခဲ့ပြီး ကျူလူမှာ တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များနှင့် ပြန်လည်ပူးပေါင်းသွားခဲ့ရာမှ နောက်နေ့ ကျူလူစခန်းကို ထပ်မံစွန့်ခွာကာ မော်ဖူးဗျူဟာစခန်းသို့ ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သည်။