ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃) ထိန်းချုပ်သည့် ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး မြို့နယ် ပလော်မော်ခို့ကျေးရွာအနီးသို့ ဖေဖော်ဝါရီလ (၂၅)ရက်ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းမှပစ်ခတ်တိုက်ခိုက်သဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း (၁) ဦးသေ ဆုံးခဲ့ပြီး (၁၀) ဦးထက် မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နယ်ခံသတင်းအရင်းအမြစ်များထံမှ သိရသည်။
စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကရင်အမျိုးသားရဲတပ်ဖွဲ့ရုံးနေရာတစ်ဝိုက်သို့ တိုက်လေယာဥ်(၆)စီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ KNU -ကရင်အမျိုးသားအစည်းအရုံး ဘက်မှ ဖမ်းဆီးထိန်းသိမ်းထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သုံ့ပန်း (၁) ဦးသေဆုံးပြီး နောက်ထပ် စစ်သုံ့ပန်း(၁၀) ဦး နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင် (၅) ဦး စုစုပေါင်း (၁၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။
“နှစ်နေရာကိုလာပစ်တာပါ။ တိုက်ပွဲမဖြစ်ဘဲ ဒီလောက်ထိလေယာဥ်နဲ့ပစ်တာ ဒီတစ်ခါပဲရှိသေးတယ် ။ သူတို့ပစ်တာ စစ်သုံ့ပန်းတွေဖမ်းထားတဲ့နေရာနားမှာ တစ်ယောက်သေတယ် ဆယ်ယောက်က ဒဏ်ရာရတယ်။ နောက်တစ်နေရာက ဒီဘက်ကရဲဘော်ငါးယောက် ဒဏ်ရာရတယ်။ နေ့လည် (၁၂) နာရီမတိုင်ခင်ကတည်းက စပစ်တာ (၃) နာရီလောက်အထိ မပြီးဘူး” ဟု KNU နှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။
ထို ပစ်ခတ်မှုအတွင်း သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် KNU ဘက်က ဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံ့ပန်းများဖြစ်ကြောင်း ကရင်အရေး ပေါ်ကူညီကယ် ဆယ်ရေးအဖွဲ့ဝင်တစ်ဦးကလည်း ကေအိုင်စီသို့ ထပ်မံအတည်ပြုသည်။
၎င်းက “စစ်သုံ့ပန်းတွေ ထိတာပါ၊ ရဲစခန်းထဲက တာဝန်ရှိသူတွေလည်း နည်းနည်းပါးပါး ထိတာတော့ ရှိတယ်။ များသောအားဖြင့်ကတော့ အပစ်လုပ်ထားတဲ့သူတို့ဖမ်းထားတဲ့သူတွေကတော့ ထိတာ အများဆုံးပဲ။ အဖွဲ့အစည်း(KNU)ကို စစ်ကောင်စီဘက်က ရန်သူလို့သတ်မှတ်ထားလို့ လာပစ်တာပါပဲ” ဟု ပြောသည်။
စစ်ကောင်စီ၏ လေကြောင်းမှတိုက်ခိုက်မှုသာမက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးဖြစ်သော ညောင်လေးပင်ခရိုင်အတွင်းရှိကျေးရွာများသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ စစ်တပ်က လက်နက်ကြီး အလုံးပေါင်း(၁၀၀)ကျော် ပစ်ခတ်ခဲ့ရာတွင် အရပ်သားပြည်သူပိုင် နေအိမ် (၃၀)ကျော် ထိခိုက်ပျက်စီးပြီး အသက်(၉)နှစ်အရွယ် ကလေးငယ် (၁) ဦးသေဆုံးခဲ့ရသည်ဟု KNU ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
ထို့အတူ ပဋိပက္ခများကြောင့် ခရိုင်အတွင်း ယနေ့ထက်ထိ နေရပ်စွန့်ခွာထွက်ပြေးနေရသူ စုစုပေါင်း သိန်းချီရှိနေသလို စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့်ဆေးဝါး အကူအညီများလည်း ဆက်လက်လိုအပ်လျက်ရှိကြောင်း ကရင်အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များထံမှ သိရသည်။



















