Home သတင်း ထန်းတပင်၊ ဇရပ်ကြီးဒေသတွင် တိုက်ပွဲငြိမ်သက်သွားသော်လည်း စစ်ရေး စိုးရိမ်ချက်နှင့် သူခိုးရန်ရှိနေဆဲ

ထန်းတပင်၊ ဇရပ်ကြီးဒေသတွင် တိုက်ပွဲငြိမ်သက်သွားသော်လည်း စစ်ရေး စိုးရိမ်ချက်နှင့် သူခိုးရန်ရှိနေဆဲ

734
Photo: CJ

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တွင် လက်ရှိတွင် တိုက်ပွဲအခြေအနေ ငြိမ်သက် သွားသော်လည်း စစ်ထပ်မံဖြစ်မည့်အရေး စိုးရိမ်ချက်နှင့် သူခိုးရန်ကြောင့် လုံခြုံမှုမရှိကြောင်း နေရပ်ပြန်နေထိုင်သူ နယ်ခံများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇)ရက်နေ့က တော်လှန်ရေးတပ်များနှင့်စစ်ကောင်စီတို့ နှစ်ဖက်ဖြစ်ပွား သည့်တိုက်ပွဲ အတွင်း စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီးသုံး၍ အပြင်းအထန် တုံ့ပြန်ပစ်ခတ်ခဲ့သဖြင့် ဇရပ်ကြီးမြို့နှင့်အနီးကျေးရွာများမှ ဒေသခံ (၂၀,၀၀၀)သောင်းကျော်သည် တောင်ငူမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်သည်။

တောင်ငူမြို့ပေါ်ရှိ ဘာသာရေးအဆောက်အဦးများတွင် နေထိုင်ရေး၊ စားသောက်ရေး အကြပ် အတည်းဖြင့် နေထိုင်ကြရသော ဒေသခံအများစုမှာ မြို့တွင်းတိုက်ပွဲမရှိတော့သဖြင့် စိုက်ပျိုးရေး လုပ်ကိုင်ရန် မိမိတို့နေအိမ်သို့ပြန်နေကြသော်လည်း သူခိုးရန်နှင့် တိုက်ပွဲထပ်မံဖြစ်ပွားမည်ကို စိုးရိမ်နေရသည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မြို့ထဲကတော့ပြန်နေလို့ရတယ်။ နတ်ရွာအထွက်နားမှာ အသစ်ရောက်လာတဲ့စစ်တပ်က မှတ်ပုံ တင်စစ်တယ်။ ဒါပေမဲ့လူတွေက ညညဆို စိတ်ခြောက်ခြားပြီး အိပ်မပျော်ကြဘူး။ ခုတလော ပြန်နေတဲ့သူအများစုကတော့ စာမေးပွဲရက် စစ်ထပ်ဖြစ်မလား တွေးပြီးပူနေကြတာ။ ရွာသားတွေကလူအင်အားနည်းလို့ သူခိုးဝင်လည်း မအော်ရဲဘူး၊ သူခိုးတွေဆီမှာက ဓားတို လက်နက်တို ပါလို့ ဒီအတိုင်းပဲကြည့်နေရတယ်” ဟု ၎င်းအမျိုးသားက ပြောသည်။

ဇရပ်ကြီးမြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများရှိ နေအိမ်အများစုမှာ အိမ်ဖောက်ထွင်း၊ ပစ္စည်းခိုးယူမှုများ တွေ့ကြုံနေရသော်လည်း ဥပဒေပျက်ပြားနေပြီဖြစ်သောကြောင့်တိုင်တောရန်မဝံ့ရဲကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Photo: CJ

ထို့အပြင် နေရပ်ပြန်နေထိုင်သူ အချို့ဒေသခံများမှာ နေ့စဥ်အလုပ်ပြီး၍ညအိပ်ချိန်ရောက်လျှင် ရွာရှိ ဘုန်းကြီးကျောင်းတွင်သာ ပြန်အိပ်ကြသလို ယခုရက်ပိုင်း စစ်တပ်က အမျိုးသားအချို့ ကို ဖမ်းဆီးခေါ်ဆောင်သွားခြင်းမျိုး တွေ့ကြုံနေရသဖြင့် ဇရပ်ကြီးဒေသခံများ နေရပ်မပြန်စေလိုကြောင်း နယ်ခံအမျိုးသမီးတစ်ဦးကလည်း အကြံပေးသည်။

၎င်းက “ရွာတွေထဲမှာက စစ်သားတော်တော်များများရှိနေတယ်။ ဆေးရုံတို့ဘုန်းကြီးကျောင်းတို့မှာ တပ်စွဲနေတာ။ လစ်ရင်လစ်သလို အခုရက်ပိုင်း အမျိုးသားတွေ အဖမ်းခံနေရတာမျိုးလည်း တွေ့နေရတယ်။ ပြန်နေတဲ့သူတွေက ညဘက်ဆို စစ်တပ်မရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ ပြန်အိပ်ကြတယ်။ မနေ့က ကျမပစ္စည်းပြန်သယ်တော့ စစ်သားတွေကားလမ်းမတွေပေါ်မှာရှိလို့ ပတ်သွားရတယ်။ ကိုယ့်အိမ်ကိုယ်သူခိုးလိုပြန်နေရတဲ့အဖြစ်ပေါ့။ ကျမအနေနဲ့ဆို ပြန်မနေစေချင်ဘူး” ဟု ပြောသည်။

ဇရပ်ကြီးမြို့ပေါ်တွင်ဖြစ်ပွားခဲ့သော တော်လှန်ရေးတပ်များ၏ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲနောက်ပိုင်း တော်လှန်ရေးအင်အားစုဘက်က သိမ်းဆည်းမိခဲ့သော စခန်းများတွင် ယခု စစ်တပ်ပြန် လည်တပ်စွဲနေပြီးဖြစ်သလို ၎င်းတို့က ဒေသခံများနေရပ်ပြန်နေထိုင်ရန် နှိုးဆော်ထားသော်လည်း ဒေသအတွင်း ယခုကဲ့သို့အခြေအနေများ ဖြစ်ပွားနေခြင်းဖြစ်သည်။

ဇရပ်ကြီးမြို့တွင် ဒေသခံများစစ်ရှောင်နေရချိန် ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ကလည်း ဇရပ်ကြီးမြို့မဈေးမီးလောင်သဖြင့် အချိန်မီ မီးမငြှိမ်းသတ်နိုင်ဘဲ ဆိုင်ခန်းပေါင်း (၈၀)ကျော်နှင့် နေအိမ်(၃)လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။