Home သတင်း ရန်ကုန်−မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက္ကော်-မိုးကောင်းတံတား မိုင်းခွဲတိုက်ခိုက်ခံရ

ရန်ကုန်−မော်လမြိုင်လမ်းမကြီးပေါ်ရှိ ကျိုက္ကော်-မိုးကောင်းတံတား မိုင်းခွဲတိုက်ခိုက်ခံရ

927
Photo: Saw R No

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ် ရန်ကုန်−မော်လမြိုင် အဝေးပြေးလမ်းမကြီပေါ်ရှိ ကျိုက္ကော်-မိုးကောင်းတံတားသည် ယနေ့ နံနက် ၁ နာရီအချိန်ခန့်တွင် မိုင်းခွဲဖြိုချခံလိုက်ရကြောင်း နယ်မြေခံ လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။

အဆိုပါ တံတားသည် ဖားအံ−မော်လမြိုင်−မြဝတီ−ရန်ကုန် စသည့်မြို့များသို့သွားရာတွင် အသုံးပြုနေ သည့် လမ်းတစ်လမ်းဖြစ်ပြီး တံတားဖောက်ခွဲမှုကို မည်သူမည်ဝါ ပြုလုပ်သည်ကို မသိရှိရသေးသလို ထုတ်ပြန် ထားခြင်းမရှိသေးကြောင်းလည်း နယ်မြေရှိလူမှုကယ်ဆယ်ရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။

“ည ၁ နာရီလောက်က မိုင်းနဲ့ခွဲခံထိတယ်လို့ပြောတယ်။ ဘယ်အဖွဲ့က လုပ်တာလဲ တော့မသိဘူး။ လမ်းကြောင်းကတော့ ကားသားလေးရော အိမ်စီးကားရော သွားနေတာပဲ။ ၆ ဘီးလောက်တော့ရတာပေါ့။ ကျန်တဲ့ဘီးကြီးတွေကတော့ သွားလို့မရဘူး။ ရွာလမ်းကနေပတ်ပြီး လိုက်သွားရတာပေါ့။ ကားတန်းတော့ နည်းနည်းကြပ်နေတယ်” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

ယခုလို မိုင်းခွဲခံရမှုကြောင့် လမ်းတံတားမှာ လုံးဝပြိုကျပျက်စီးသွားပြီး လမ်းပန်းဆက် သွယ်ရေးပြတ်တောက် နေသလို သွားရေးလာရေး ကြန့်ကြာနေမှုများရှိနေကြောင်းလည်း ဒေသခံများက ပြောသည်။

အဆိုပါ တံတားမိုင်းခွဲဖြိုချခံရမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့အစည်းကလုပ်ဆောင်သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးသလို ကေအိုင်စီအနေဖြင့်လည်း အသေးစိတ်အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သို့သော် စစ်တပ်ဝါဒဖြန့် လူမှုကွန်ယက်စာမျက်နှာများတွင် ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့(PDF) တပ်ဖွဲ့ဝင်များက ဖောက်ခွဲခြင်းဖြစ်ကြောင်း ရေးသား ဖော်ပြကြပြီး နယ်မြေခံ တော်လှန်ရေးအဖွဲ့အစည်းများကလည်း ၎င်းတို့ လုပ်ဆောင်ခြင်းမဟုတ်ကြောင်း ကေအိုင်စီ သို့ ပြောဆိုသည်။

Photo: Saw R No

“ဖြစ်တဲ့ နေရာနဲ့ ကျနော်တို့ နေရာနဲ့ ရှေ့ခြမ်းနောက်ခြမ်းကွာတယ်။ အဲ့ဒီဘက်မှာလည်း ကျနော်တို့ အဖွဲ့တွေ ရှိပါတယ်။ ကိုယ့်တပ်ဖွဲ့ လုပ်တာမဟုတ်ဘူးဆိုတော့ ကျနော်တို့ဘက်ကလည်း ဘာမှ ပြောလို့မရတဲ့ အနေအထားဖြစ်နေတယ်။ ကျိုးသွားတဲ့ တံတားနားမှာက လေ့ကျင့်ရေး (၉) တပ်ရှိမယ်။ အခုလက်ရှိ အဲ့နေရာက ပျူစောထီးတွေ လူငယ်တွေကို စစ်သင်တန်းပေးနေတဲ့ နေရာပေါ့။” ဟု ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

နှစ်ဖက် တိုက်ပွဲဖြစ်ပွားနေသည့် နယ်မြေများတွင် စစ်ကောင်စီတပ်က မိမိတို့၏ တပ်အင်အား နှင့် ရိက္ခာများကို လေကြောင်း၊ ကုန်းကြောင်းနှင့် ရေကြောင့်မှတစ်ဆင့် နည်းအမျိုးမျိုးအသုံးပြု၍ လုပ်ဆောင်နေသလို စစ်ရေးဗျူဟာအရ တော်လှန်ရေးတပ်ဖွဲ့ဘက်ကလည်း ဖြတ်တောက် တိုက်ခိုက်မှုများကို ပြန်လည် ပြုလုပ်ကြသည်။

စစ်ရေးနည်းဗျူဟာအရ တော်လှန်ရေး တပ်ဖွဲ့ဘက်က လမ်းတံတားများကို ဖြတ်တောက် ဖျက်ဆီးခြင်း မျိုး ပြုလုပ်လေ့ရှိသလို စစ်ကောင်စီတပ်ဘက်ကလည်း တော်လှန်ရေးအဖွဲ့အစည်းများအပေါ် အကြမ်းဖက်သမားများ ပုံစံဖော်ရန် ရည်ရွယ်ချက်ဖြင့်လည်း လမ်းတံတားများကို မိုင်းခွဲဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသည်။