ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ နယ်စပ်မြို့ မြဝတီတွင် ယနေ့နံနက်က ကျင်းပသည့် ပြည်သူ့စစ်မှုထမ်းဥပဒေ ကြိုဆိုထောက်ခံပွဲကို အမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့-မဘသ နှင့် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း- YMBA က ဦးဆောင်၍ တစ်အိမ်တစ်ယောက်မလာမနေရ ဖိအားပေးလူစုဝေးပြီး မြစန္ဒီကွင်းတွင် ပြုလုပ်သွားခဲ့သည်ဟု သိရသည်။
ကရင်ပြည်နယ်ရှိ ဖားအံ၊ လှိုင်းဘွဲမြို့နယ်များတွင် စစ်တပ်ထောက်ခံသူများ ဦးဆောင်ပြီး ယခုရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်းဥပဒေကြိုဆိုထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ပွဲများ လုပ်ဆောင်သကဲ့သို့ ယနေ့ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်း မြဝတီမြို့၊ မြစန္ဒီပန်းခြံ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“တစ်အိမ်တစ်ယာက် မလာမနေရတဲ့ လာပြီးပြောတယ်။ တပ်က လူကြီးဟောင်းတွေက မလာရင် အိမ်က လူငယ်တွေ စစ်သင်တန်းစာရင်းပါမယ်ဆိုတာမျိုးလည်း ပြောတယ်။ အမှတ် ၇ ရပ်ကွက်၊ ၆ ရပ်ကွက်၊ ရေပူ ကုန်းဘက်က ပျံကျနေကြတဲ့သူတွေလည်း လာတက်ရတယ်။ လူတစ်ရာကျော်လာက်တော့ တွေ့တယ် လာတက်ရတာ။ ပိုက်ဆံတော့ပေးတာ ဝေတာ၊ ကားဆီဖိုး၊ ဆိုင်ကယ်ဆီဖိုး ပေးတာမျိုးတော့ ရမယ်ကြားတာပဲ၊ ငွေပေးတာမျိုးတော့မတွေ့ဘူး”ဟု ရေပူရပ်ကွက်နေ စစ်မှုထမ်းဟောင်း မိသားစုဝင်တစ်ဦးက ပြောသည်။
လူ ၁၀၀ ကျော်ပါဝင်သည့် ယနေ့ ထောက်ခံပွဲတွင် အခြားဒေသက ပြုလုပ်သည့် ထောက်ခံပွဲနည်းတူ တို့ တာဝန်အရေး (၃)ပါး တည်တံ့ခိုင်မြဲဖို့ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံကြပါစို့၊ ပြည်သူ့စစ်မှုထမ်း ဥပဒေအား အပြည့်အဝထောက်ခံ ကြိုဆိုပါသည်၊ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ပြီး စစ်ပညာတတ် မြောက်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ကြိုဆိုထောက်ခံပါသည်နှင့် ပြည့်အင်အားသည် ပြည်တွင်းမှာ သာရှိနေဖို့ စစ်ပညာကိုသင်ကြားစို့ စသည့် ပိုစတာများကိုင်ဆောင်ကာ ဆန္ဒထုတ်ဖော်မှုလုပ်ဆောင်ခဲ့သည်။

အမှတ် ၅ ကျွန်း တော ရပ်ကွက်နေထိုင်သူက “မြဝတီကတော့ လူစုံအဖွဲ့စုံ ရှိနေတဲ့ မြို့ဆိုတော့ ပြောရခက်တယ်။ ဖြစ်လာရင် လက်လုပ်လက်စားအောက်ခြေရပ်ကွက်က လူတွေပဲကြပ်တည်းတာ၊ အခုစစ် တပ်ထောက်ခံတာ သွားရမယ်ဆိုတာ့ အိမ်ကလူကြီးတွေသွားတက်ရတယ်။ အဓိကကတော့ စစ်သားစုဆောင်းတာ မခံရရင် ပြီးတာပဲ၊ အရွယ် ရောက်နေတဲ့ကလေးတွေက ရှာဖွေကျွေးနေလို့၊ စားလို့နေလို့ ရနေတာဆိုတာ့ သူတို့ မရှိရင် မဖြစ်ဘူး ” ဟု ပြောသည်။
လက်ရှိ မြဝတီမြို့တွင် စစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူး ပေါင်းတပ် များထိတွေ့ ပစ်ခတ်မှုမရှိသေးသော်လည်း တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဆိုသည့်သတင်းများကြောင့် စစ်တပ် တပ်စွဲထားသော နေရာများတွင် စစ်အင်အား တိုးချဲ့မှုများ လုပ်ဆောင်လာလျက်ရှိသည်ဟု မြို့ခံများက ပြောသည်။
ထိုအခြေအနေများကြောင့် စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများနေရာ ပြောင်းရွှေ့ နေထိုင်နေကြသည်ဟုလည်း မြဝတီမြို့ စစ်တပ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူများက ပြောသည်။



















