Home သတင်း ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ငွေကြေးခက်ခဲသည့် စစ်ရှောင်များအတွက် ရေအလှူရှင်လိုအပ်နေ

ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ငွေကြေးခက်ခဲသည့် စစ်ရှောင်များအတွက် ရေအလှူရှင်လိုအပ်နေ

249
Photo: CJ

ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီ(ကယား)ပြည်နယ်ရှိ ရေရှားပါးမှုဒဏ်အခံရဆုံးသော ဒီးမော့ဆိုမြို့နယ်(အနောက်ဘက်ခြမ်း)ရှိ စစ်ဘေးရှောင်များအတွက် ခြောက်သွေ့ရာသီကာလ ရေအလှူရှင် လိုအပ်နေကြောင်း အရပ်ဖက် စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

တောင်ကုန်းတောင်တန်းများ ပေါများသည့် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် နေထိုင်သူ စစ်ဘေးရှောင်များမှာ သောက်သုံးရေရှားပါးသည့်အတွက် ရေကိုဝယ်ယူသုံးစွဲနေရပြီး ငွေပေးမယူနိုင်သူ စစ်ရှောင်များမှာမူ သတ်မှတ်နှုန်းဖြင့် ရေကိုချွေတာသုံးစွဲနေရသည်ဟု ကရင်နီအခြေစိုက် စစ်ရှောင်ကူ အမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “ရေရှိတဲ့နေရာကနေ ရေသယ်လာပေးတဲ့ကားတွေရှိတယ် ဒါပေမဲ့ သွားသယ်ရ တဲ့နေရာကအရမ်းဝေးတယ်။ ပိုက်ဆံအဆင်မပြေတဲ့စစ်ရှောင်တွေဆို ရေကိုစကေးနဲ့သုံးရတယ် တစ်ရက် တစ်ပုံးဆို တစ်ပုံးပဲ ပေးရတဲ့အဖိုးအခက ရေသွားသယ်ရတဲ့အကွာအဝေးအပေါ် မူတည်တယ်။ ရေ လာလှူတဲ့ကားတွေလည်းရှိပါတယ်။ ဆီဖိုးကတော့ စေတနာနဲ့ ပြန်ထည့်ပေးရတာပေါ့” ဟု ထိုအမျိုးသားက ပြောသည်။

ထို့အပြင် ဒီးမော့ဆို အနောက်ဘက်ခြမ်းတွင် ရေရှားပါးမှုကြောင့် နေထိုင်သူအများစုမှာ ကျောက်ကပ်နှင့် ယားနာရောဂါအဖြစ်များကြသည့်အတွက် ရေအလှူရှင် အဓိကလိုအပ်နေကြောင်း ကရင်နီဒေသခံများက ဆိုသည်။

“အဓိကကတော့ ရေပဲ။ ဒီးမော့ဆို အရှေ့ခြမ်းမှာက စားသောက်ရေးရော ရေရောရှိသေးတယ်။ အနောက်ခြမ်းက တောင်တွေချည်းပဲ ရေရှိတဲ့နေရာဆို နှစ်ရက် သုံးရက်လောက်သွားရတယ် ။ ဒါတောင်ရဖို့မသေချာဘူး။ အဲဒါကြောင့်ရောဂါက ကျောက်ကပ်ရောဂါတွေအဖြစ်များကြတယ်။ ယားနာတွေရောပေါ့” ဟု နောက်ထပ် ဒေသခံအမျိုးသားတစ်ဦးကလည်း ပြောသည်။

ယခင် စစ်တပ်အာဏာမသိမ်းခင်ကတည်းက ဒီးမော့ဆိုတွင် ဒေသအတွင်းရေရှားပါးမှုနှင့် ရင်ဆိုင် နေရခြင်းဖြစ်ပြီး တောင်ပေါ်ဒေသနေထိုင်သူများသည် မိုးတွင်းကာလက ရေသိုလှောင်ထားသည့် အများသုံးရေကန်ရှိရာ တောင်အောက်သို့ အသွားအပြန် စုစုပေါင်း (၁)နာရီခွဲခန့်ကြာသည့် ခရီးကို သွားရောက်၍ ရေကို သယ်ယူသုံးစွဲခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အပြင် ဒုတိယရေအရှားပါးဆုံးမြို့နယ်တစ်ခုဖြစ်သည့် ဖရူဆိုမြို့နယ် အတွင်းမှ ရေရှားပါးရာ ကျေးလက်ရှိ ဒေသခံများအတွက် ယခင် ဦးသိန်းစိန် အစိုးရ လက်ထက်က ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ ဘတ်ဂျက်သတ်မှတ်၍ ရေရရှိရေး ဆောင်ရွက်ခဲ့သည်ဟု ပြည်နယ် လွှတ်တော်အစည်းအဝေးထုတ်ပြန်ချက်များအရ သိရသည်။

သို့သော်လည်း အချို့ကျေးရွာများမှာ လက်ရှိအချိန်ထိ ရေရှားပါးမှုဒဏ်ရင်ဆိုင်နေရသလို အာဏာသိမ်းပြီးနောက်ပိုင်း စစ်မီးကြောင့် နေရပ်စွန့်ခွာနေထိုင်ရမှုနှင့် လူမှုစီးပွားရေး ကောင်းစွာ မလည်ပတ်နိုင်ကြောင်း ဒေသခံများကပြောသည်။