Home သတင်း ဖာပွန်ခရိုင်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးတောင်းခံမှုပြုလုပ်နေ

ဖာပွန်ခရိုင်ရှိ ကျေးရွာတချို့တွင် စစ်ကောင်စီတပ်က အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးတောင်းခံမှုပြုလုပ်နေ

912
Photo: CJ

ဖေဖော်ဝါရီလ ၂၂ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မူတြော်(ဖာပွန်)ခရိုင်၊ ကတိုင်တိကျေးရွာနှင့်နီးစပ်သည့်ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဒေသခံအရပ်သား များထံမှ အကြောင်းပြချက်မျိုးစုံပြ၍ ငွေညှစ်တောင်းခံမှုများ ပြုလုပ်နေကြောင်း ရွာသားများထံမှ သိရသည်။

ကတိုင်တိ၊ ကညင်ဒုံ ၊ နို့ဖောထီးနှင့် ထီးသဲလေး ကျေးရွာများတွင် နေထိုင်သည့်ပြည်သူများကို နယ်မြေခံ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အိမ်ထောင်စုစာရင်းများပြခိုင်းကာ စာရင်းနာမည်ရှိပြီး လူနေထိုင်မှု မရှိပါက ငွေကျပ် ၂ သိန်းအထိ ကောက်ယူနေသလို နေအိမ်အတွင်းရှိ ဆန်နှင့်စားသောက်စရာများကိုလည်း ယူဆောင်သွားမှုများ ပြုလုပ်နေသည်ဟု အမည်မဖော်လိုသူ ရွာသားတစ်ဦးက ပြောသည်။

၎င်းက “စစ်သားတွေစခန်းကုန်းကနေ သူတို့ကင်းပတ်ပြီး ကျနော်တို့ရွာရော ကညင်ဒုံ၊ နို့ဖောထီး၊ ထီးသဲလေးမှာ ပိုက် ဆံလိုက်ကောက်တယ်။ မိသားစုတွေ ရိက္ခာပြတ်နေတယ်ပြောပြီး အိမ်က စားစရာဆန်တွေလည်း ယူသွားတယ်။ တစ် အိမ်ကို အိမ်ထောင်စုစာရင်းပြခိုင်းပြီး အကုန်စုံနေရင်တောင် အကြောင်းတစ်ခုပြပြီး ပိုက်ဆံတောင်းတယ်။ စာရွက် မှာနာမည်ရှိပြီး လူမရှိဘူးဆိုရင် သူတို့မေးတယ်၊ ဘန်ကောက်တက်တာလား၊ အဲ့ဒါဆို ၂ သိန်းအခွန်ဆောင်ရမယ်တဲ့။ အမျိုးမျိုးပဲ ဒီမှာလည်းလုံးဝမနေ ချင်တော့ဘူး” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်များ ငွေကြေးကောက်ခံခဲ့သည့်ကျေးရွာများတွင် ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF) တပ်၏ ဂိတ်စခန်း များလည်းရှိနေပြီး အဆိုပါ ဂိတ်စခန်းများတွင်လည်း ငွေကြေးကောက်ခံမှုများရှိသည်ဟု ဒေသခံများက ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်၏ ရိက္ခာလူအင်အားဖြည့်တင်းလျက်ရှိသည့် လမ်းပိုင်းတစ်ချို့ကို ကရင်အမျိုးသား လွတ် မြောက်ရေးတပ်မတော်-KNLA တပ်က ပိတ်ဆို့ထားသလို ဒေသခံပြည်သူများအတွက် ရိက္ခာ စားသောက်ကုန်များ တက်ဝယ်နိုင်ရန် လမ်းကြောင်းတစ်ခုဖောက်လုပ်ပေးထားကြောင်း ဖာပွန်မြို့ခံများက ပြောသည်။

အလားတူ မူတြော်(ဖာပွန်)ခရိုင်အတွင်းရှိ ကျေးရွာများထဲတွင် စစ်ကောင်စီတပ် နှင့် KNLA တပ်အကြား မကြာခဏ နှစ်ဖက် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလေ့ရှိသည့်အပြင် စစ်ကောင်စီတပ်ဘက်မှလည်း တိုက်ပွဲနှင့်မသက်ဆိုင်သည့် အရပ်သား ပြည်သူများနေထိုင်ရာ ကျေးရွာနေအိမ်များ၊ စာသင်ကျောင်းနှင့် ဘုရားကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက် လျက်ရှိကြောင်းလည်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ လစဉ်ထုတ်ပြန်ချက်များတွင် ရေးသားဖော်ပြထားသည်။