Home သတင်း နယ်ကျော်သွားလာလိုသူများ အခကြေးငွေဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပြုလုပ်နေရ

နယ်ကျော်သွားလာလိုသူများ အခကြေးငွေဖြင့် အုပ်ချုပ်ရေးမှူးထောက်ခံစာပြုလုပ်နေရ

148
Photo: CJ

ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာ ရှိဒေသခံများအနေဖြင့် နယ်ကျော် သွားလာလိုပါက အာဏာသိမ်း စစ်ကောင်စီလက်အောက် အုပ်ချုပ်ရေးမှူးထံတွင် အခကြေးငွေပေးဆောင်၍ ထောက်ခံစာပြုလုပ်နေကြရကြောင်း ကံပေါက်ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကုန်ပိုင်းလောက်မှ စတင်ကာ တနယ်မှ အခြားတနယ်ဒေသများသို့ သွားလာလိုပါက ဒေသခံများအနေဖြင့် အုပ်ချုပ်ရေးမှူးရုံးများတွင် ငွေကျပ်တစ်သောင်းဖြင့် ထောက်ခံစာများပြုလုပ်ရကြောင်း ကံပေါက်ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“အကယ်၍ ကံပေါက်ထဲကထွက်မယ်ဆို လုပ်ရတယ်။ တစ်ခါလုပ်ရင် တစ်သောင်း။ အရင်ကတော့ ငါးထောင်ပဲ ပေးရတယ်။ အကယ်၍ ကိုယ်က မလုပ်ထားဘူးဆိုရင် ဒဏ်ကြေးပေးရတယ်။ စစ်တပ်ကတောင်း သလောက်ပေါ့။ လူငယ်အများစု လုပ်ကြတာရှိတယ်။ ဘာလို့လဲဆိုတော့ ထောက်ခံစာမပါရင် တစ်ခါတည်းဖမ်းပြီး စစ်မှုထမ်းခိုင်းခံထိမှာကို မိဘတွေကစိတ်ပူကြတယ်လေ။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကံပေါက်ဒေသအတွင်းသို့ ဆန်သယ်ယူမည်ဆိုပါကလည်း ရဲစခန်းထောက်ခံစာအပြင် ဧည့်စာရင်း မဖြစ်မနေတိုင်ခြင်း နှင့် ရပ်ကွက်ထောက်ခံစာများ လုပ်ဆောင်ပြီးမှ သယ်ဆောင်ခွင့်ရကြောင်း ဒေသခံများက ပြောသည်။

“ဒီနယ်မှာက ပြည်သူတွေကို ဘာမှလုပ်လို့မရအောင် အခွင့်အလမ်းတွေ အကုန်ပိတ်ထားခံရတယ်။ ထောင်ဝင်စာတွေလည်း ထောက်ခံစာ၊ ဆိုင်ကယ်စီးခွင့်လည်း ပိတ်ထားတယ်။ ပြီးတော့ ဘာစ္စည်း သယ်သယ် ထောက်ခံစာ လုပ်ရတယ်။ ထောက်ခံစာကလည်း တစ်ခါလုပ်ရင် တစ်ခါဈေး တက်လာတယ်။” ဟု ထားဝယ်မြို့နယ်ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါ ဆန်သယ်ယူခွင့်ဖြစ်စဉ်နှင့် ဆက်စပ်ပြီး ကံပေါက်ဒေသအပါအဝင် အရှေ့တောနယ်ဒေသရှိ ကျေး ရွာများ၊ ပုလောမြို့နယ်၊ ပလောက်မြို့နယ်နှင့် ပလမြို့နယ်ရှိကျေးရွာများတွင် ဆန်သယ်ဆောင်ခွင့်ကို ထောက်ခံစာများဖြင့် လုပ်ဆောင်နေရပြီး အရေအတွက်အကန့်အသတ်ဖြင့်သာ သယ်ဆောင်နေရကြောင်း ဒေသခံများက ပြောသည်။

ကံပေါက်ဒေသတွင် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပျူစောထီးဆိုသူတစ်ဦး သေနတ်ဖြင့် ပစ်ခတ် ခံရပြီးနောက်ပိုင်း ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇန်နဝါရီလမှ စတင်ပြီး ယနေ့အချိန်ထိ ဆိုင်ကယ်စီးနှင်းခွင့်ကို ပိတ်ပင် လိုက်ကြောင်း ဒေသခံများကပြောသည်။