Home သတင်း ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ ဆေးစစ်အသိပညာပေး၊ ပြစ်ဒဏ်ပေးမှုများ DKBA လုပ်ဆောင်နေ

ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှုရှိမရှိ ဆေးစစ်အသိပညာပေး၊ ပြစ်ဒဏ်ပေးမှုများ DKBA လုပ်ဆောင်နေ

805
Photo: DKBA

ဖေဖော်ဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်-DKBA ထိန်းချုပ်နယ်မြေ အတွင်း တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများ မူးယစ်ဆေးဝါးသုံးစွဲမှုမရှိစေရေးအတွက် DKBA ဌာနချုပ် ဆုံဆည်းမြိုင်တပ်ဖွဲ့ဝင်များမှ ဆေးစစ်အသိပညာပေးမှုအပြင် ပြစ်ဒဏ်ပေးမှုများကို လုပ်ဆောင်နေ ကြောင်း အဖွဲ့တာဝန်ရှိသူ ပြောစကားအရ သိရသည်။

ယခုဖေဖော်ဝါရီလအတွင်း DKBA ထိန်းချုပ်နယ်မြေဖြစ်သည့် မြဝတီ-ဝေါလေလမ်းပေါ်ရှိ ကျောက်ခက်၊ ဆုံဆည်းမြိုင်၊ ကျော်ဝါးဘိုးဂိတ်များနှင့် တောင်ယာခြံစိုက်သည့် လုပ်ငန်းများတွင် ဆေးစစ်အသိ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု အဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက “ဆေးသုံး မသုံးစစ်တယ်။ ဆေးသုံးတာပေါ်ရင်။ စစ်သားဆိုရင် ၆ လ တောင်ယာခုတ်။ အရပ် သားဆိုရင် အသိပညာပေးတယ်။ နောက်မသုံးဖို့ ဆုံးမတယ်။ နောက်ထပ်ထပ်စစ်လို့ ဆေးထပ် ကျရင် တော့ ဖမ်းမယ်။ အပြစ်ပေးမယ်ဆိုတာမျိုးလုပ်နေတာပေါ့။ ရဲဘော်တွေကိုလည်း မူးယစ်ဆေး မသုံး အောင်တင်းတင်းကြပ်ကြပ်ကို လုပ်နေတယ် ”ဟု ပြောသည်။

ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါး သုံးစွဲမှုမရှိစေရေး လုပ်ဆောင်နေမှုအပေါ် ဒေသအတွင်း တောင်ယာခြံစိုက်သည့် ဒေသခံများ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ဒေသအတွင်း နေထိုင်သည့် တိုင်းရင်းသားလူငယ်များအား မူးယစ်ဆေးဖြတ်သည့် အစီအစဉ်များအား ဆက်လက်လုပ်ဆောင်မည်ဟုလည်း DKBA က ပြောသည်။

“အခုက ကျနော်တို့ အရပ်သားတွေကို ကျော်ဝါးဘိုး ၃ ထပ်ကွေ့ ဂိတ်မှာ ဆေးစစ်တယ်။ မူးယစ်ဆေး သုံးထားတာပေါ်ရင် နောက်မသုံးဖို့ လူစာရင်းမှတ်တယ်။ သတိပေးဆုံးမတယ်။ နောက်ထပ် သုံးရင်တော့ အပြစ်ကြီး ကြီးပေးမယ်ပြောတယ်။ DKBA ရဲဘော်တွေလည်း ဆေးစစ်တာ တွေ့ရတယ်၊ ကျောက်ခက် ရွာမှာ စစ်နေတယ်”ဟု သေ့ဘောဘိုး ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

လတ်တလောတွင် DKBA ထိန်းချုပ်နယ်မြေ ဖြစ်သည့် မြဝတီ-ဝေါလေလမ်းပိုင်း ကျေးရွာများနှင့် ၎င်းတို့တပ်ဖွဲ့ စစ်ဆေးရေးဂိတ် နေရာများတွင် လုံခြုံရေးတိုးမြှင့်ချထား စစ်ဆေးနေသလို စစ်တပ် စစ်စခန်းများတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ ပုံမှန်အနေအထားဖြင့် ဆက်လက်တပ်စွဲနေထိုင် လျက်ရှိနေကြောင်း DKBA စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။