Home သတင်း ပအိုဝ်းလူငယ်များ တော်လှန်ရေးတာဝန် ထမ်းဆောင်ကြရန် PNLO/PNLA တိုက်တွန်း

ပအိုဝ်းလူငယ်များ တော်လှန်ရေးတာဝန် ထမ်းဆောင်ကြရန် PNLO/PNLA တိုက်တွန်း

928
Photo: PNLA

ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မျိုးချစ်ပအိုဝ်းလူငယ်များ အဖိနှိပ်ခံဘဝမှလွတ်မြောက်စေရေး ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ်/ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLO/PNLA) ထံ ပူးပေါင်းကာ တော်လှန်ရေးတာဝန်ထမ်းဆောင်ကြရန် ဖေဖော်ဝါရီလ (၁၅)ရက်နေ့တွင် PNLO/PNLA (ဗဟို)ကော်မတီက တိုက်တွန်းထားသည်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှစတင် အာဏာတည်ပြီဖြစ်ကြောင်း စစ်ကောင်စီကထုတ်ပြန်သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ PNLO/PNLA ၏ (ဗဟို)ကော်မတီက ကြေညာချက်ထုတ်ကာ ထိုကဲ့သို့ တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။

စစ်တပ်၏ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းချက်သည် လက်နက်အားကိုး၍ ပြည်သူအချင်းချင်း အပြန် အလှန် သတ်ဖြတ်ရန် လုပ်ဆောင်မှုတစ်ခုဖြစ်သလို မျိုးချစ်ပအိုဝ်းလူငယ်များအနေဖြင့်လည်း စစ်ကောင် စီ၏ အကျိုးစီးပွားကို ကာကွယ်ခြင်းနှင့် အာဏာရှင်စနစ် သက်ဆိုးရှည်စေမည့် လုပ်ရပ်များမှ ရှောင်လွှဲနိုင်ရန် PNLO/PNLA သို့ လာရောက်ပူးပေါင်းကာ ဆန့်ကျင်တော်လှန်ကြရန် တိုက်တွန်းထားသည်။

အဆိုပါ ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ပြည်သူ့စစ်မှုထမ်းဥပဒေကိစ္စကို ဗဟိုကထုတ်ပြန်တာနဲ့ပတ်သက်ပြီး ကျနော်ကတော့ သိပ်သဘောထားမပေးချင်ဘူး ။ အဲဒီထုတ်ပြန်ချက်အတိုင်းပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့နဲ့ အဲဒီအဖွဲ့တွေနဲ့က နည်းနည်းခွာထားပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အာဏာသိမ်းကာလ(၃)နှစ်အတွင်း တော်လှန်ရေးအင်အားစုများနှင့်တိုက်ပွဲများကြောင့် အင်အား လျော့နည်းလာသော စစ်ကောင်စီက ၎င်းတို့ယန္တရားလည်ပတ်နိုင်ရေး ပြည်သူလူထုအကြား ဘာသာရေး၊ လူမျိုးရေးမှိုင်း တိုက်မှုများ လုပ်ဆောင်နေသလို ၎င်းတို့ကျူးလွန်ထားသော စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ရန်နှင့် ဒီမိုကရေစီစနစ် ဆိတ်သုဥ်းရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု PNLO/PNLA ဗဟိုကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်နှင့်ပတ်သက်၍ ပအိုဝ်းအမျိုး သားဖက်ဒရယ်ကောင်စီ-PNFC ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကလည်း စစ်ကောင်စီ၏ဥပဒေအသုံးချ ကိုယ်ကျိုးရှာလုပ်ရပ်အပေါ် ပြည်သူများအနေဖြင့် ဆန့်ကျင်တော်လှန်ရမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၀)ရက်နေ့က ကေအိုင်စီမှတဆင့် တိုက်တွန်းထားသည်။

ထို့အတူ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ကြေညာချက်ကို လိုက်နာရန်မလိုကြောင်းနှင့် ၎င်းတို့ လက်အောက်မှလွတ်မြောက်ရန် တော်လှန်ရေးအင်အားစုများထံပူးပေါင်းကြရန်ကိုလည်း NUG အပါအဝင် တော်လှန်ရေးအင်အားစုများက တိုက်တွန်းဖိတ်ခေါ်ထားသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသော PNLO/PNLA သည် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် စစ်တပ်ဖိတ်ခေါ်သည့် နိုင်ငံရေးဆွေးနွေးပွဲများ တွင်ပါဝင်ခဲ့သော်လည်း ဇန်နဝါရီလက PNLO/PNLA ထိန်းချုပ်ရာ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ပဋိပက္ခများနှင့် စစ်ကောင်စီကြောင့် အရပ်သားထိခိုက်သေဆုံးရမှုများအတွင်း စစ်တပ်ကို ဆန့်ကျင်တော်လှန်မည်ဖြစ်ကြောင်း တရားဝင်ကြေညာ ချက်ထုတ်ပြန်ခဲ့သည့် အဖွဲ့လည်းဖြစ်သည်။