Home သတင်း နယ်စပ်ဖြတ်သန်းသွားလာမှုမရှိသေးသူများအား မှတ်ပုံတင်သိမ်းပြီးမှ မဲဆောက်ဘက် ဝင်ခွင့်ပြု

နယ်စပ်ဖြတ်သန်းသွားလာမှုမရှိသေးသူများအား မှတ်ပုံတင်သိမ်းပြီးမှ မဲဆောက်ဘက် ဝင်ခွင့်ပြု

194
Photo: CJ

ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ် (၁) ချစ်ကြည်ရေးတံတားဖြတ်သန်းသွားလာမှုအား နယ်စပ်ဖြတ်သန်းသွာလာမှုမရှိဘူးသေးသူများကို မှတ်ပုံတင်သိမ်းဆည်းပြီးမှ မဲဆောက်မြို့ဘက်သို့ သွားလာခွင့်ပြုပေးကြောင်း တံတားတာဝန်ရှိသူများနှင့် နီးစပ်သည့် သတင်း အရင်းအမြစ်က ပြောသည်။

“တံတား (၁) က မဲဆောက်သွား မယ်ဆိုရင် အရင်သွားဖူးလာဖူး နေသူတွေကို မစစ်ဆေးဘူး၊ အခုမှလာကြတယ်။ မဲဆောက်ကူးဝင်မယ်ဆိုရင် တခြားနယ်တွေကဆိုမှတ်ပုံတင် သိမ်းထားလိုက်တယ်။ ပြန်ဝင်လာမှပြန်ပေးတယ်။ ပြန်ရွေးယူရတယ်၊ သံသယရှိတဲ့ သူဆို စရဖ နဲ့ ရဲက စစ်ဆေးငွေညစ်ပြီးမှ သွားခွင့်ပေးတယ်၊၊” ဟု တံတားတာဝန်ရှိသူနှင့် နီးစပ်သည့် မြဝတီမြို့ခံက ပြောသည်။

ထို့အပြင် မဲဆောက်မြို့ဘက်ခြမ်းတွင် အရောင်းအဝယ်ပြုလုပ်သူများ၊ ဆေးရုံ ဆေးခန်းလာပြသူများ၊ အလုပ်လာလုပ်သည့် ၁၄ ရက်ပတ်စ်ပို့နှင့် တစ်နှစ်ပတ်စ်ပို့ ကိုင်ဆောင်သူများကိုမူ ပုံမှန်ကူးသွားလာခွင့် ရသေးကြောင်း ၎င်းမြို့ခံက ဆက်ပြောသည်။

လတ်တလော မြဝတီနယ်စပ်အာရှလမ်းပိုင်းနေရာတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုး သားလွတ် မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာမှု ဆက်ရှိနေဆဲဖြစ်သည်။

ထိုအခြေအနေကြောင့် ထိုင်း-မြန်မာကုန်သွယ်ရေးမှာ စားသောက်ကုန်များသာအဓိက သယ်ယူ ပို့ ဆောင်မှုရှိနေပြီး စက်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်း၊ လူသုံးကုန်ပစ္စည်းများ ကုန်သွယ်မှုရပ်ဆိုင်းနေကြောင်း မြဝတီအခြေစိုက် ကုန်စည်သယ်ဆောင်သည့် ကုန်ကားလုပ်ငန်းရှင်များက ပြောသည်။

“အာရှလမ်းက သွားမရတော့ စားစရာပဲ ထို့ကော်ကိုးလမ်း၊ ရွှေကုက္ကိုလ် ကြက်ဥတောင်လမ်းတွေကနေ ဖားအံ၊ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးသွားတယ်။ ကုန်မာပစ္စည်း၊ စက်ပစ္စည်းတွေကတော့ ကုန်အဆင်း အတက်မရှိဘူး။ လမ်းတွေက ဆိုးတော့ ကုန်ကားမှောက်ရင် အကုန်ပျက်စီးတာမို့ အာရှလမ်းပြန်ဖွင့်မှ ကုန်ပြန်ဆင်းတာသွက်လာမယ် ”ဟု ကုန်ကားလုပ်ငန်းရှင်က ပြောသည်။

လက်ရှိ ထိုင်း-မြန်မာ နယ်စပ်ဘက်သို့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်ရန် လာရောက်ကြသည့် မြန်မာ ပြည် တွင်းနေထိုင်ကြသူများအနေဖြင့် ထိုင်နိုင်ငံဘက်သို့ တရားမဝင် နည်းလမ်းများဖြင့် ဖြတ်သန်း ဝင်ရောက် သည့် အခြေအနေမြင့်တက်လာနိုင်ကြောင်းလည်း မြန်မာ ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်ကူညီနေသူတစ်ဦးက ပြောသည်။

အဆိုပါ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ်(၁) မှ နယ်စပ်ဖြတ်သန်းသွာလာမှုမှာ မှတ်ပုံတင်သိမ်း ဆည်းပြီး ကန့်သတ်စစ်ဆေးမှုများ လုပ်ဆောင်နေသည့်ကိစ္စမှာ စစ်ကောင်စီသတင်းပြန်ကြားရေးက ထုတ်ပြန်ထားသလို လုပ်ထုံးလုပ်နည်းများနှင့်အညီ ပုံမှန်သွားလာ ခွင့်ပြုထားသည်ဟု ထုတ်ပြန် ကြေငြာ ထားသည့် အခြေအနေနှင့် ကွဲလွဲနေကြောင်း တံတားပေါ် ဖြတ်သန်းသွားလာသူများက ပြောသည်။