ဖေဖော်ဝါရီလ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ရှားတောမြို့နှင့် အနီးပတ်ဝန်းကျင်ရှိ အခိုင်အမာတပ်ချထားသော စစ်ကောင်စီဗျူ ဟာကုန်းများအား ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များမှ တစ်လကျော်ကြာ တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီဘက်မှ (၁၆၀) ဦး သေဆုံးခဲ့ကြောင်း ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် (KNDF)က ယမန်နေ့တွင်ထုတ် ပြန်ထားသည်။
ရှားတောမြို့အဝင်ရှိ စေတီကုန်းပေါ်တွင် စစ်ကောင်စီခြေမြန်တပ်ရင်း(ခမရ-၄၈၂) တပ်မှ ရှေ့တန်းအထိုင်ချတပ် စွဲထားကာ ဗျူဟာကုန်းစခန်းအား ဝန်းရံထားသည့် စခန်းကုန်း (၂)ကုန်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များ ဖြစ်သည့် ကရင်နီပြည်တပ်မတော်-KA၊ KNDF နှင့် Loikaw PDF တို့မှ ပူးပေါင်းကာ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ(၁၇)ရက်နေ့တွင် အပြီးသတ်သိမ်ယူနိုင်ခဲ့ကြောင်းသိရသည်။
ထို့အပြင် ဇန်နဝါရီလ(၂၁)ရက်နေ့တွင်လည်း ရှားတောမြို့ရှိ ဗျူဟာကုန်းစခန်းများအား ကရင်နီတော်လှန်ရေး တပ်ဖွဲ့ဝင်များမှ ဝန်းရံပိတ်ဆို့ထားနိုင်ခဲ့ပြီး အဆိုပါဗျူဟာကုန်းများကို ပိတ်ဆို့ထားချိန် ချေမှုန်းတိုက်ခိုက်ခြင်း မပြုလုပ်ဘဲ ပြည်သူဘက်သို့ ဘက်ပြောင်းခိုလှုံကြရန် နှင့် လက်နက်ချရန် ကမ်းလှမ်းဖိတ်ခေါ်မှုများကို အကြိမ်ရေ များစွာပြုလုပ်ခဲ့ကြောင်း KNDF က ပြောသည်။
ထိုသို့ လက်နက်ချ ဘက်ပြောင်းကြရန် ပြောဆိုမှုကို လက်မခံသည့်အပြင် ရှားတောမြို့ရှိ စစ်ကောင်စီ ခြေလျင် တပ်ရင်း(ခလရ-၂၄၉)တပ်ရင်းသို့ ရဟတ်ယာဉ်(၃)စီး ဖြင့် အင်အား(၇၀)ကျော်ခန့် စစ်ကူပို့ဆောင်မှုများ ပြုလုပ် ကာ ခံစစ်ပြင်၍ တင်းခံခဲ့ကြောင်းသိရသည်။
ထို့ကြောင့် ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်များ အနေဖြင့် ဘက်ပြောင်းလက်နက်ချမှုကို လက်မခံသော စစ်ကောင်စီတပ်ကို ဖေဖော်ဝါရီလ (၁၂)ရက် နံနက်(၅)နာရီခွဲအချိန်တွင် စတင်ထိုးစစ်ဆင်ပြီး နံနက်(၈)နာရီခွဲ အချိန်တွင် ရှားတောမြို့အား ထိန်းချုပ်နိုင်ခဲ့ကြောင်း ယမန်နေ့ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ တစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ (ခမရ-၄၂၈)၊ ခြေလျင်တပ်ရင်း (ခလရ-၂၄၉) နှင့်ထောက်ပို့တပ်၊ စစ်အင်ဂျင်နီ ယာအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရပြီး ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဒု-ရဲမှူးများ သေဆုံးခဲ့သလို KNDF မှ ရဲဘော်(၃)ဦးနှင့် အခြားတပ်ဖွဲ့မှရဲဘော်တချို့ တိုင်းပြည်အတွက် အသက်ပေး ကျဆုံးခဲ့ကြောင်း သိရ KNDF ကဆိုသည်။
၎င်းအပြင် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တိုက်လေယာဉ်၊ဂျက်ဖိုက်တာ၊ Y12 Drop များဖြင့် အသုံးပြုတိုက်ခိုက်ခဲ့ပြီး လေကြောင်းပစ်ကူ(၂၀၅)ကြိမ်ကျော် တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီထံမှ လက်နက်ငယ်(၁၂၈)လက်၊ လက်နက်ကြီးအစုံ(၁၈)လက်၊ Smoke Gun(၃)လက်၊ Jammer Gun(၁)လက် နှင့်ဆက်သွယ်ရေး စက်များ၊ ခဲယမ်းကျည်ဆံများ၊ အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားသည်။
လတ်တလော ရှားတောမြို့အား တော်လှန်ရေးတပ်ဖွဲ့များဘက်မှ အပြည့်အဝထိန်းချုပ်ထားနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် လူတစ်စုကောင်းစားရေးအတွက် စစ်အာဏာရှင်များ၏ အထောက်အပံ့အဖြစ် ရပ်တည် ခြင်းမပြုဘဲ ပြည်သူ့ဘက်အား ဘက်ပြောင်းခိုလှုံလာကြရန်လည်း KNDF က ထုတ်ပြန်ချက်တွင် တိုက်တွန်းထား သည်။



















