ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲကြောင့် ဖေဖော်ဝါရီ(၇)ရက်နေ့မှစ၍ တောင်ငူမြို့သို့ စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူ ၂၀,၀၀၀ (နှစ်သောင်း)ကျော်အတွက် အစားအစာနှင့် ဆေးဝါးများ လိုအပ်လျက်ရှိနေကြောင်း စစ်ဘေးရှောင်များအား အကူအညီပေးနေသူ တောင်ငူမြို့ခံများက ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲအတွင်း စစ်ကောင်စီက ဇရပ်ကြီးမြို့နှင့်အနီးပတ်ဝန်းကျင်ရှိကျေးရွာများသို့ လေကြောင်းနှင့် လက်နက်ကြီးသုံး တိုက်ခိုက်ခဲ့၍ ဒေသခံများဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရပြီး နယ်မြေမတည်ငြိမ်သေးသဖြင့် တောင်ငူမြို့ပေါ်တွင် ယနေ့ထက်ထိ ခိုလှုံနေထိုင်နေရခြင်းဖြစ်သည်။
လက်ရှိ အဆိုပါစစ်ဘေးရှောင်များအား တောင်ငူမြို့ ဘာသာရေးအဆောက်အဦးများအတွင်း နေရာချထားပေးပြီး မြို့ခံများနှင့်အရပ်ဖက်စစ်ရှောင်ကူအဖွဲ့များက မိမိတို့တတ်နိုင်သမျှ ထောက်ပံ့ကူညီပေးနေသော်လည်း စစ်ဘေးရှောင် နှစ်သောင်းကျော်အတွက် စားနပ်ရိက္ခာနှင့်ဆေးဝါးများ လိုအပ်လျက်ရှိနေဆဲဖြစ်သည်ဟု စစ်ရှောင်ကူမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။
၎င်းက “လှူတာကတော့ တောင်ငူကတင်မကဘူး၊ ရန်ကုန်ကပါလာတယ်ဆိုပေမယ့် စစ်ရှောင် နှစ်သောင်းကျော်ရှိတော့ အလှူရှင်မရောက်တဲ့နေရာတွေကအများကြီးရှိသေးတယ်။ ကလေးတွေဆိုရင်လည်း ၂ လသား ၃ လ သားလေးတွေကနေ ၃ နှစ်တို့ ၄ နှစ်တို့ပါတယ်။ အဘိုး၊ အဘွားတွေရော ကျန်းမာရေး မကောင်းတဲ့သူတွေရော ပုံနေတာပဲ။ လူကြီးတွေအတွက်ကတော့ လူးဆေးတို့ ချောင်းဆိုးပျောက်ဆေးတို့ အဓိကလိုတာပေါ့” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ဘေးရှောင်စခန်းသီးသန့်မရှိသည့်အတွက် အချို့စစ်ဘေးရှောင်ပြည်သူများမှာ ဘာသာရေးပရဝုဏ်အတွင်းရှိ ယာယီတဲများတွင် အဆင်ပြေသလို နေထိုင်ကြရပြီး နေအိမ်ပြန်လိုသော်လည်း မြို့တွင် စစ်တပ်ရှိနေသဖြင့် အသက်အန္တရာယ်လုံခြုံရေးကြောင့် နေအိမ်မပြန်ရဲကြကြောင်း စစ်ရှောင်ကူအဖွဲ့များထံမှ သိရသည်။
အထက်ပါ အမျိုးသမီးက ဆက်လက်၍ “စစ်ရှောင်စခန်းဆိုတာတော့သပ်သပ်မရှိဘူး ။ တော်တော်ကျယ်တဲ့ ဘုန်းကြီးကျောင်းဝန်းတွေမှာတော့ တဲလေးတွေထိုးထားပေးတယ်။ တချို့စစ်ရှောင်တွေက နေစရာမရှိတော့ဘူး။ သူတို့နေခဲ့တဲ့နေရာအကုန်လုံးက မီးပုံအတိုင်းဖြစ်နေတယ်။ တချို့ကတော့ စစ်တပ်ရှိနေလို့ကြောက်ပြီးမပြန်ရဲတာ၊ သူတို့လည်းသူတို့နေရပ်ကိုပြန်ချင်ကြရှာတာပေါ့” ဟု ၎င်းက ပြောသည်။

ပအိုဝ်းတိုင်းရင်းသားများနေထိုင်ရာဒေသတစ်ခုဖြစ်သည့် ဇရပ်ကြီးနယ်မြေမှ အရပ်သားနေထိုင်ရာနေရာများသို့ စစ်ကောင်စီက ထိုသို့အင်အားအလွန်အကျွံသုံး ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် အမျိုးသမီးများအပါအဝင် ဒေသခံ (၁၀၀)ကျော် ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူပိုင်နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့ရကြောင်း ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ၏ ထုတ်ပြန်ချက်အရ သိရသည်။
“တချို့နေရာတွေမှာတော့ အခုချိန်ထိ အလောင်းတွေကိုကောက်ယူနိုင်ခြင်းမရှိသေးဘူး ။ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့နေရာက ဇရပ်ကြီးမြို့လယ်ခေါင်လူစည်ကားတဲ့ရပ်ကွက်တွေမှာဖြစ်ခဲ့တဲ့အတွက် အဲဒီနေရာ တွေက မီးတွေလောင်ကုန်တယ်။ လူတွေလည်းအများကြီးထိခိုက်သေကြေခဲ့ရတယ်။ ဒီကိစ္စရပ်တွေကို ကျနော်တို့အနေနဲ့ ဆက်ပြီးအရေးယူဆောင်ရွက်သွားမှာပါ” ဟု PNFC ဥက္ကဌ ခွန်မြင့်ထွန်းက ကေအိုင်စီသို့ ပြောသည်။
စစ်တပ်၏ အဆိုပါ စစ်ရာဇဝတ်မှုအတွက် နိုင်ငံတကာအပါအဝင် တော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်း၍ တရားမျှတမှုရရှိရန်နှင့် စစ်ကောင်စီအား အပြစ်ပေးအရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း PNFC က ဆိုသည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၏ ဇန်နဝါရီလ(၁၈)ရက်နေ့ ထုတ်ပြန်ချက်အရ KNU တပ်မဟာ(၂) ထိန်းချုပ်နယ်မြေ တောင်ငူခရိုင်တွင် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ စစ်ဘေးရှောင် နှစ်သောင်းကျော် ရှိနေကြောင်း သိရသည်။



















