ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ ကြာအင်းတောင်ကြားလမ်းတွင် ယနေ့ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက်ပိုင်းက ကရင်ဇာတ်သဘင်တစ်ခုဖြစ်သည့် ရှားယွန့်ဝေါ်အွာ“ယှးယံင့်ဝဝ်အွာ” သဘင်ကားတိမ်းမှောက်မှုဖြစ်ပွား၍ တစ်ဦးသေဆုံးပြီး ကားပေါ်လိုက်ပါသူ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ဖားအံမြို့ရှောင်လမ်းသစ် ကြာအင်းတောင်ကြားလမ်း (ရဲသာ) ဘက်ခြမ်းတွင် ဇာတ်သဘင်အဖွဲ့သားများတင်ဆောင်လာသည့် ၁၀ ဘီးကား ကားတိမ်းမှောက်သောကြောင့် ဇာတ်သဘင်အဖွဲ့ဝင် မိန်းကလေးတစ်ဦး သေဆုံးသွားကာ ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ကရင်ပြည်နယ် ဖားအံမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့၏ ထုတ်ပြန်ထားချက်အရ ထိခိုက်ဒဏ်ရာရရှိသည့်အထဲတွင် အဝါရောင်အဆင့် (၆)ဦး၊ အစိမ်းရောင်အဆင့် (၄)ဦးနှင့် အနက်ရောင်အဆင့် (၁)ဦးပါကြောင်း ဖော်ပြထားသည်။
ကရင်ယဉ်ကျေးမှုနှင့် အနုပညာအစည်းအရုံး- KCO မှ တာဝန်ရှိသူတစ်ဦးက “ထိခိုက်မှုအသေးစိတ်တော့ ကျနော် မသိရသေးဘူး။ ကျနော်တို့ သွားကြည့်တဲ့အချိန်မှာ ဆေးရုံမှာသွားပို့ပြီး ကုန်ပြီး။ ဆေးရုံတက်တဲ့အထဲမှာ နှစ်ယောက်ကလည်း အသည်းအသန်ဖြစ်နေတယ် ကြားတယ်။ ကားက အများကြီး ထိခိုက်တယ်ဆိုတော့ ဒီဇာတ်တစ်ခုလုံးတော့ ပျက်သွားလောက်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ရှားယွန့်ဝေါ်အွာ ဇာတ်သဘင်သည် KCO အစည်းအရုံးဝင် ကရင်ဇာတ်သဘင်တစ်ခုဖြစ်သလို ကရင်ပြည်နယ် အတွင်းရှိ လူအများ ကြိုက်နှစ်သက်အားပေးသည့် ဇာတ်သဘင်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။
ယခုလို ပွင့်လင်းရာသီတွင် ကရင်ပြည်နယ်အတွင်း အလှူပွဲများကျင်းပသည့် ကျေးရွာများတွင် နှစ်စဉ် ဇာတ်သဘင်များ ငှားကြ၍ ဇာတ်အဖွဲ့များ လိုက်လံကပြဖျော်ဖြေရလျက်ရှိသည်။ လက်ရှိ နိုင်ငံရေး အခြေအနေအကြောင့် ကရင်ဇာတ်သဘင်အချို့ အလုပ်မှရပ်နားလိုက်ရခြင်းရှိသလို အချို့မှာ အခက်အခဲကြားမှ ဆက်လက်လည်ပတ် နေရကြောင်းလည်း သိရသည်။



















