Home သတင်း လူငယ်များအနေဖြင့် စစ်ကောင်စီစစ်မှုထမ်းလုပ်ငန်းစဉ်ကို ဆန့်ကျင်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းရန် KNU တိုက်တွန်း

လူငယ်များအနေဖြင့် စစ်ကောင်စီစစ်မှုထမ်းလုပ်ငန်းစဉ်ကို ဆန့်ကျင်ပြီး တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းရန် KNU တိုက်တွန်း

792

ဖေဖော်ဝါရီလ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မျိုးဆက်သစ်လူငယ်များနှင့် တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီပြဌာန်း အတည်ပြု ထားသည့် စစ်မှုထမ်းဥပဒေ အကောင်အထည်ဖော်မှုလုပ်ငန်းစဉ်တွင် ပါဝင်ခြင်းမပြုဘဲ တော်လှန် ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆန့်ကျင်သွားကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက တိုက်တွန်းလိုက်သည်။

စစ်ကောင်စီမှ အတည်ပြုပြဌာန်းထားလိုက်သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေသည် တစ်နိုင်ငံလုံးစစ်နွံထဲ ကျရောက် ရန် လုပ်ဆောင်ခြင်းဖြစ်သလို စစ်အာဏာသက်ဆိုးရှည်ရေးအတွက် လုပ်ဆောင်သည့် လုပ်ရပ်ဖြစ်သောကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်းကို ယနေ့ ဖေဖော်ဝါရီလ (၁၉)ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်ထုတ်ကာ လူငယ်များကို ထိုသို့ တိုက်တွန်းပြောဆိုထားခြင်းဖြစ်သည်။

ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက “ကျနော်တို့ရဲ့ အမြင်သဘောထားကတော့ နဂိုက တည်း ကငြိမ်းချမ်းရေးနဲ့ စားပွဲဝိုင်းပေါ်မှာ ဆွေးနွေးကြမယ်ဆိုတာ ကျနော်တို့ ကေအဲန်ယူ -ကရင်အမျိုး သားအစည်း အရုံးကနေ ၂၀၁၂ ကနေပြီးတော့ ၂၀၂၁ ဇန်နဝါရီလ ၃၁ ရက်နေ့အထိကို သည်းခံစိတ်ရှည်ခြင်းနဲ့ ကျနော်တို့ ဆောင်ရွက်ခဲ့တယ်။ ဒါက ကျနော်တို့သဘောထား ဖြစ်တယ်။ အခုလို သူလုပ်လိုက်တဲ့အရာသည် လုံးဝကို မတရားတဲ့လုပ်ရပ်တစ်ခု လုံးဝကိုလူသားမဆန်တဲ့လုပ်ရပ်တစ်ခုလို့ ကျနော်တို့ ဒီလိုပဲ ရှုမြင်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့ကြောင့်မျိုးဆက်သစ် လူငယ်များအနေဖြင့် ခေတ်နှင့်အညီ မိမိတို့တီထွင်ဖန်တီးနိုင်သည့် စွမ်းပကာများကို အသုံးချကာ စစ်ကောင်စီ၏ လုပ်ရပ်အားလုံးကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်ရန်ကိုလည်း တိုက်တွန်း ထားသလို သက်ဆိုင်ရာကဏ္ဍများမှ လူငယ်များကို တတ်စွမ်းသမျှ ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူက ဆက်လက်ပြောဆိုထားသည်။

၎င်းအပြင် စစ်ကောင်စီ တပ်သားသစ် အတင်းအဓမ္မစုဆောင်းခြင်းမှ လွတ်မြောက်ရန်အတွက် လူငယ်များအနေဖြင့် တိမ်းရှောင်သည့်အခါတွင်လည်း စစ်ကောင်စီ၏ စောင့်ဖမ်းသည့် အုပ်စုထဲသို့ ရောက်သွားနိုင်သောကြောင့် အလောတကြီး လုပ်ဆောင်ခြင်းမပြုလုပ်ရန်ကိုလည်း ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက တိုက်တွန်းထားသည်။

စစ်ကောင်စီသည် တရားမဝင်သည့် ဥပဒေဖြင့် လူငယ်မျိုးဆက်နှင့် လုပ်သားအရင်းအမြစ်မျိုးဆက်တစ်ခုကို အတင်းအကြပ် တပ်သားသစ်စုဆောင်းပြီး စစ်နွံထဲသို ဆွဲသွင်းနေခြင်းကို ပြည်သူများ လိုက်နာရန် မလိုအပ် ကြောင်းလည်း ကေအဲန်ယူက ပြောသည်။

ဆက်လက်၍ စစ်ကောင်စီအလိုပါ လုပ်ဆောင်သူအားလုံးသည် ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေး နှင့်စီးပွားရေးဆိုင်ရာအကျိုးဆက်များကို တာဝန်ယူရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ သတိပေးပြောဆိုထားသည်။

စစ်မှုထမ်းဥပဒေအသက်ဝင်ပြီဟု စစ်ကောင်စီကြေညာပြီးသည့်နောက်တွင် နိုင်ငံအတွင်းရှိ လူငယ် လူရွယ်များ သည် စိုးရိမ်ထိတ်လန့်မှုများနှင့်နေထိုင်ရပြီး အချို့မှာ နီးစပ်ရာ ထိုင်းနိုင်ငံအတွင်းသို့ တိမ်းရှောင်ရန် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာသည့်အတွက် ယခုရက်ပိုင်းအတွင်း ထိုင်းနယ်စပ်နေရာများတွင် လူငယ်များ ဖမ်းဆီးခံရမှု များလာကြောင်း အလုပ်သမားအရေးကူညီဆောင်ရွက်သူများက ပြောသည်။

၂၀၁၀ခုနှစ်က နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ (နအဖ) စစ်အစိုးရမှ ပြဌာန်းခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရံတပ်ဖွဲ့ဥပဒေတို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ရက်နှင့် ၁၃ ရက်နေ့တို့တွင် အမိန့်ကြေငြာစာ ၂၇/၂၀၂၄၊ ၃၂/၂၀၂၄ တို့ဖြင့် အသက်ဝင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ ထို့နောက် ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင်လည်း ကြေငြာစာအမှတ် ၁/၂၀၂၄ ဖြင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ကို ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။