Home သတင်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိရေး ပိုမိုခက်ခဲလာ

လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ကရင်နီစစ်ဘေးရှောင်များ စားနပ်ရိက္ခာရရှိရေး ပိုမိုခက်ခဲလာ

174
Photo: Karenni Human Rights Group

ဖေဖော်ဝါရီလ၂၁ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ စစ်ရှောင်စခန်းတချို့တွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲနှင့် အလှူရှင်များ နည်းလာသောကြောင့် ဒေသခံစစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ ရရှိရေး ပိုမိုခက်ခဲလာကြောင်း ၎င်းတို့ကို ကူညီပေးသူများက ပြောသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း နှင့် ဖရူဆိုမြို့နယ်မှ ဒေသခံအများစုနေထိုင်ကြသည့် စစ်ဘေး ရှောင်စခန်းများတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ကြုံတွေ့နေရသည့်အပြင် ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်မှစ၍ အလှူရှင်များ နည်းပါးလာခြင်းဖြစ်ကြောင်း ၎င်းစစ်ဘေးရှောင် ကူညီသူတစ်ဦးက ယခုလိုပြောသည်။

“ဒီဘက်ခြမ်းတွေမှာက လမ်းခရီးကကြမ်းတယ်။ တောင်တွေဖြတ်ရတာလည်း ရှိတယ်။ တော်လှန်ရေး ဖြစ်ကာ စကတော့ အလှူရှင်တွေလာကြတယ်။ အဲ့လိုလာတော့ အဆင်ပြေတာပေါ့။ အခုနောက်ပိုင်း ဘယ်အဖွဲ့ မှ မလှူကြ တော့တဲ့ အခြေနေအထိ ဖြစ်လာတယ်။ တောင်ယာခုတ်တာကလွဲပြီး တခြားလုပ် စရာလည်းမရှိဘူး။ တစ်ခါတလေ သောက်သုံးရေ ရှားပါးတဲ့အထိ ကြုံတွေ့ရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

စားနပ်ရိက္ခာ ရရှိရေး အခက်အခဲအပြင် ဒေသခံ မြေယာပိုင်ရှင်များမှ ယင်လုံအိမ်သာ အလုံအလောက် ဆောက်ခွင့် မပေးသောကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ပြဿများ ကြုံတွေ့နေရကြောင်း လည်း တခြားကရင်နီစစ်ရှောင်တစ်ဦးကလည်း ပြောသည်။

“မြေကွက်မှာ ပိုင်ရှင်က စိုက်ပျိုးရေးလုပ်ချင်တာ၊ မြေကိုရောင်းချင်တာတွေရှိလာရင်တော့ စစ်ရှောင်တွေ ဖယ်ပေး ရပါတယ်။ အဲ့လိုကျတော့ နေရာရွှေ့ပြောင်းရ အခက်အခဲတွေနဲ့ကြုံတွေ့ရတယ်။ အဲ့လို ကိစ္စတွေရှိခဲ့ ပါတယ်။ နောက်ပြီး တချို့မြေရှင်တွေက အိမ်သာတွေအရမ်းဆောက်ခွင့်မပေးတဲ့အခါမှာ အိမ်ထောင်စု ၃ စုကို အိမ်သာ ၁ လုံး၊ ၅ စုကိုအိမ်သာ ၁ လုံး အသုံးပြုနေရတဲ့ စခန်းတွေရှိကြပါတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

နယ်မြေတွင်း မြေမြှုပ်မိုင်းအန္တရာယ်များကြောင့် ကရင်နီတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့ဝင်များမှ နေရပ်ပြန်ရန် ခွင့်မပြုသေးသည့်အတွက် စစ်ဘေးရှောင်များအနေဖြင့် လက်ရှိအချိန်တွင် နေရပ်မပြန်နိုင်ကြသေးကြောင်း သိရသည်။

(၁၁၁၁) စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း ဖရူဆိုမြို့နယ်အပါအဝင် ကရင်နီတစ်ပြည်နယ်လုံးတွင် အာဏာသိမ်း စစ်ကောင်စီမှ အင်တာနက်ဖုန်းလိုင်းဖြတ်တောက်ထားပြီး လက်ရှိအချိန်အထိ ဒေသခံ ပြည်သူ နှစ်သိန်းကျော်သည် နေရပ်မပြန်နိုင်သေးဘဲ စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း စစ်ဘေးရှောင် ကူညီသူများထံမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်များအနေဖြင့်လည်း နိုင်ငံတကာအလှူရှင်များ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ မရရှိကြသောကြောင့် နိုင်ငံတကာ၏ နယ်စပ်ဖြတ်ကျော်ကူညီပေးမှုများကို လူ့အခွင့် အရေး နှင့် အရပ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်တောင်းဆိုလေ့ရှိသော်လည်း ယနေ့အချိန်ထိ အပြည့် အဝ မရရှိကြသေးကြောင်း သိရသည်။