Home သတင်း သံတောင်မြောက်ပိုင်းတွင် နနွင်းခြောက်ဈေးကောင်းသော်လည်း ပေးသလောက်စျေးဖြင့်သာ ရောင်းချနေရ

သံတောင်မြောက်ပိုင်းတွင် နနွင်းခြောက်ဈေးကောင်းသော်လည်း ပေးသလောက်စျေးဖြင့်သာ ရောင်းချနေရ

203
Photo: CJ

ဖေဖော်ဝါရီလ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ယခုနှစ် နနွင်းခြောက် ဈေးကောင်းရသော်လည်း လိပ်သိုမြို့နယ်ခွဲ၊ သံတောင်မြောက်ပိုင်း(အထူးဒေသ)အတွင်း သွားလာရေးအခက်အခဲကြောင့် နနွင်းစိုက်ပျိုးသူများမှာ တဆင့် ဝယ်ယူသူများမှ ပေးသလောက်ဈေးဖြင့် ရောင်းချနေရပြီး အမြတ်မရကြောင်း စိုက်ပျိုးသူများက ပြောသည်။

ယခင်နှစ်က နနွင်းခြောက် တစ်ပိဿာလျှင် လေးထောင် (၄,၀၀၀) ကျော် ပေါက်ဈေးရှိခဲ့သော်လည်း ယခုနှစ် မြို့ပေါ်ရှိပွဲရုံများတွင် တစ်ပိဿာ ငါးထောင့်ရှစ်ရာ (၅,၈၀၀) အထိ ဈေးရရှိကြောင်း နနွင်းစိုက်ပျိုးရောင်းချသူများက ပြောသည်။

သို့သော် သံတောင်ကြီးမြို့မြောက်ပိုင်း(အထူးဒေသ)အတွင်းရှိ ကျေးရွာများတွင် စစ်တပ်၏ ကုန်ပစ္စည်း ကန့်သတ် ပိတ်ဆို့မှုများကြောင့် နနွင်းတဆင့်ခံရောင်းဝယ်သူ(ပွဲစား)များအလာသာစောင့်၍ရောင်းချနေရပြီး မြို့ပေါ် ပေါက်ဈေးထက် နှိမ်ပေးသဖြင့် အမြတ်မရရှိခြင်းဖြစ်သည်ဟု နနွင်းစိုက်တောင်ပေါ်သူ တစ်ဦးက ပြောသည်။

“မြို့ပေါ်မှာတော့ နနွင်းခြောက်ဈေးက ၅,၀၀၀ ကျော်ရဲ့သားနဲ့ ကျမတို့ရွာမှာက ၄,၈၀၀ ပဲရတယ် ။ ပွဲစား တွေကလည်း သူတို့အချိတ်အဆက်နဲ့သူတို့ ခက်ခက်ခဲခဲသယ်ရတာကိုး။ ကျမတို့လည်း မြို့အထိ မသယ်တတ်ဘူးလေ၊ သွားရောင်းဖို့ကလည်း ဂိတ်တွေကစစ်တာနဲ့ ပိတ်တာနဲ့ သွားလာ ရေးအခက်အခဲရှိတယ်။ နစ်နာတယ်ဆိုပေမယ့်လို့ ဝယ်သူရှိတာကိုပဲကျေးဇူးတင်နေရပြီ။ ထမင်း နပ်မှန်အောင်စားရရင်တော်ပါပြီ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တစ်နိုင်တစ်ပိုင် နနွင်းစိုက်ပျိုးရေးလုပ်ကိုင်သူများမှာ အလုပ်သမားငှားရမ်းခြင်းမပြုဘဲ ကိုယ့်အားကိုယ်ကိုး စိုက်ပျိုးကြသဖြင့် အရင်းပြန်လည်ရရှိသော်ငြား ဒေသအတွင်း ထိုသို့စားနပ်ရိက္ခာသယ်ဆောင်ခွင့် ပိတ်ပင်မှုကြောင့် ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်လည်း ရင်ဆိုင်နေရကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

Photo: CJ

သံတောင်ကြီးမြို့နယ်အတွင်း စီးပွားဖြစ်စိုက်ပျိုးသော နနွင်းများကို တောင်ငူပွဲရုံများသို့ အများအားဖြင့် တင်ပို့ရောင်းချကြပြီး ယခုနှစ်ဈေးကောင်းရရှိသဖြင့် နနွင်း စိုက်ပျိုးသူ များပြားလျက်ရှိကြောင်း ဒေသခံများက ဆိုသည်။

“ကျမတို့ကတော့ တောင်ငူက ပွဲရုံတွေမှာ တိုက်ရိုက်သွားရောင်းတယ်။ မနှစ်က ၄၀၀၀ ထောင်ဝန်းကျင်ပဲ ဆိုတော့ ဒီနှစ်က ဈေးပိုကောင်းတာပေါ့။ စိုက်တဲ့သူက မနှစ်ကလည်း ရှိပေမယ့် ဒီနှစ်ကပိုများတယ်” ဟု သံတောင် ကြီးမြို့နေထိုင်သည့် နနွင်းစိုက်ပျိုးရေးလုပ်ကိုင်သူ တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ထို့အတူ သံတောင်(အထူးဒေသ)အတွင်း သွားလာရေးနှင့် စစ်တပ်ဂိတ်များ၏ပိတ်ဆို့တားမြစ်မှုကြောင့် နနွင်းနည်းတူ ကွမ်းဈေးကို မြို့ပေါ်ပေါက်ဈေးထက်နည်း၍ တဆင့်ခံ ပြန်လည်ရောင်းချနေရကြောင်း ကွမ်းစိုက်ပျိုးရေးလုပ်ကိုင်သူများထံမှ သိရသည်။