ဇန်နဝါရီလ ၁၇ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ လမိုင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း(ခလရ-၁၀၆) စခန်းနှင့် စစ်ဆေးရေး ဂိတ်တစ်ခုကို ယနေ့ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၆ နာရီအချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။
ထို့အပြင် ခလရ ၁၀၆ တပ်ရင်းကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် မော့ကနင်လမ်းမပေါ်ရှိ စစ်ဆေးမှုများ နှင့် ငွေကြေးကောက်ခံမှုပြုလုပ်နေသည့် စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်ကိုလည်း တိုက်ခိုက် မီးရှို့ရှင်းလင်းခဲ့သည်ဟုလည်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ယခုလိုပြောသည်။
“ဒီမနက် ၆ နာရီအကျော်မှာ ၁၀၆ တပ်ထဲကို ဝင်ပစ်တယ်။ တပ်ဖွင့်ချိန်ဝင်ပစ်ပြီး တပ်သား ၄ ဦးကျတယ်။ ဒဏ်ရာရသွားတဲ့ သူတွေလည်းရှိတယ်။ ကျနော်တို့ဘက်ကတော့ အထိအခိုက်မရှိဘဲ ဆုတ်လာနိုင်ခဲ့တယ်။ ပြန်ဆုတ်လာပြီးတော့ မော့ကနင်မြို့ထိပ်မှာရှိတဲ့ စကစက ပိုက်ဆံတွေကောက်ပြီး စစ်ဆေးနေတဲ့ဂိတ်ကိုလည်း ကျနော်တို့မီးရှို့ ဖျက်ဆီးခဲ့တယ်” ဟု ၎င်းက ကေအိုင်စီ သို့ ပြောသည်။
အဆိုပါ ပစ်ခတ်ခံရသည့် တပ်စခန်းအတွင်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များအနေဖြင့် တပ်စခန်းအပြင်ဘက်မထွက်ရဲကြသလို မီးရှို့ဖျက်ဆီးခံလိုက်ရသည့် စစ်ဆေးရေးစခန်းရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှာလည်း ဂိတ်စခန်းကို စွန့်၍ ထွက်ပြေးသွားကြကြောင်း ရေးဘီလူးအဖွဲ့က ဆိုသည်။

စစ်ကောင်စီတပ်၏ တပ်စခန်း၊ ရဲစခန်း၊ စစ်ဆေးရေးဂိတ် သတင်းပေးသည့်ဒလန်၊ စစ်ကောင်စီ တပ်နှင့် ဆက်စပ် သည့် ဌာနဆိုင်ရာသူများကို မကြာခဏ ပစ်ခတ်တိုက်ခိုက်ခြင်းများပြုလုပ်နေသည့် ရေးဘီလူးအဖွဲ့သည် ပြီးခဲ့ သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ ကာကွယ် ရေးတပ်မတော်စစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ၏ တပ်ခွဲအဖြစ်တာဝန်ထမ်းဆောင်နေသည့်အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။
ထို့အတူ မွန်ပြည်နယ် ရေး-ထားဝယ်သွား လမ်းမကြီးကိုလည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ မွန်ပြည်တော်လှန်ရေးတပ်-MSRF၊ ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း (၁) ၊ ရေးပြောက်ကျားတပ်(YGF) ၊ Ye Defense Force–YDF၊ Mon State Revolutions Organization-MSRO၊ Ye Air Force-YAF ၊ ရေးဘီလူးတပ်ဖွဲ့ စသည့် တော်လှန် ရေးပူးပေါင်းတပ်ဖွဲ့များက လမ်းပိုင်းတချို့ကို ထိန်းချုပ်ထားနိုင်ပြီး အသွားအလာယာဉ်များကို စစ်ဆေးမှုများ မကြာခဏ ပြုလုပ်လေ့ရှိသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အခြေပြုလှုပ်ရှားနေသည့် တောင်ပိုင်းဒေသ တော်လှန်ရေး အဖွဲ့အစည်းများနှင့် (NUG)အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး နိုင်ကောင်းရွက်တို့ တွေ့ဆုံခဲ့ပြီး စစ်ရေးအရှိန်မြှင့်လုပ်ဆောင်သွားနိုင်ရေးကိုလည်း ပြောဆို ဆွေးနွေးခဲ့ကြောင်း တော်လှန်ရေးအင်အားစုဘက်က ပြောဆိုထားသည်။



















