ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းကို သွားလာမှု ပြတ်တောက်သည့်အတွက် ယာဉ်တိမ်းမှောက်မှုမကြာခဏဖြစ်ပွားသည့် ကော်ကိုး -နဘူးလမ်းပိုင်း တောင်ပတ်လမ်းဘက်ကို သွားလာအသုံးပြုရာတွင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးရွားစွာဖြစ်ပွားနေကြောင်း ခရီးသွားပြည်သူများက ပြောသည်။
အဆိုပါ ထို့ကော်ကိုး- နဘူးလမ်းပိုင်း တောင်ပတ်လမ်းသည် လမ်းကျဉ်းကာ ကြမ်းတမ်းပြီး မော်တော် ယာဉ်များတိမ်းမှောက်မှု မကြာခဏဖြစ်ပွားသည့်အတွက် ခရီးသွားသူများမှာ အသက်အန္တရာယ်ကြားမှ ဖြတ်သန်းသွား လာအသုံးပြုနေကြရကြောင်း ခရီးသွားပြည်သူတစ်ဦးက ယခုလိုပြောသည်။
“အတက်တစ်ရက်၊ အဆင်းတစ်ရက်လုပ်လဲ လမ်းကမကောင်းဘူး၊ ကျဉ်းတော့ ခရီးသွားတဲ့သူတွေ အသက်အန္တရာယ်များတယ်။ အရှေ့မှာ ကားတစ်စီးစီး ပျက်ရင်လည်း လမ်းပိတ်ပြီး စောင့်နေရတယ်။ လိုရာခရီးမရောက်ဘဲ လမ်းမှာပဲ ကြန့်ကြာနေတယ်”ဟု ထိုခရီးသည်က ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် လမ်းခရီးခက်ခဲကြမ်းတမ်းနေသဖြင့် ကုန်ပစ္စည်းပို့ဆောင်သည့်ကားများသည်လည်း တင်ဆောင်ခတိုးယူနေရကြောင်း ကားပြေးဆွဲသူများက ပြောသည်။
အခြားယာဉ်မောင်းတစ်ဦးကလည်း “ကားခက တော်တော်တက်သွားတယ်။ တစ်ဆ၊ နှစ်ဆ လောက်တက်သွားတယ်။ အရင်က ပစ္စည်းတစ်ထုပ်ကို ကျပ်တစ်သောင်းယူရင် အခုသုံးသောင်း လောက်ယူတယ်။ ခရီးသည်တစ်ဦးဆိုလည်း အရင်က ကျပ်သုံးသောင်းယူတယ်။ အခုက ခြောက်သောင်း/ခုနှစ်သောင်းထိယူတယ်”ဟု ပြောသည်။

လက်ရှိ သွားလာအသုံးပြုနေသည့် မြဝတီ-ထို့ကော်ကိုး- နဘူးလမ်းပိုင်း တောင်ပတ်လမ်းအား လာမည့် ကရင်နှစ်သစ်ကူးနေ့ပွဲတော်ကျင်းပသည့် ရက်အတောအတွင်းတွင် သွားလာမှု ယာယီပိတ်ထားမည်ဟု ကားသမားများက ပြောဆိုကြသည်။
မြဝတီ-ကော့ကရိတ်အာရှလမ်းမ ပြတ်တောက်ပြီးနောက် ခရီးသည်တင်ကားများသည် မြဝတီ-ထို့ကော်ကိုးလမ်းအပြင် သေ့ကတေလမ်းကိုလည်း သွားလာအသုံးပြုကြပြီး သေ့ကတေလမ်းမှာ ကားသွားလာအသုံးပြုမှုနည်းသော်လည်း တောင်အတက်အဆင်းကြီးနေသဖြင့် 4 wheels ပါသည့် ကားသာလျှင် သွားလာနိုင်ကြောင်း ကားမောင်းသူများထံမှ သိရသည်။
ကော့ကရိတ်မြို့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်သည့် တော်လှန် ရေးမဟာမိတ်တပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နှစ်ဖက်ထိတွေ့မှု တိုက်ပွဲများ ပြင်းထန်နေသဖြင့် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းသွားလာအသုံး ပြုမှု ပြတ်တောက်သွားသည်။



















