Home သတင်း မြစ်ဝကျွန်းပေါ်ရှိ ကျေးရွာအချို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်အား အကျဥ်းရုံးသာ ကျင်းပနိုင်

မြစ်ဝကျွန်းပေါ်ရှိ ကျေးရွာအချို့တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်အား အကျဥ်းရုံးသာ ကျင်းပနိုင်

844
Photo: CJ

ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသ၊ ကျုံပျော်မြို့နယ်ရှိ အချို့သောကျေးရွာများတွင် ယခုနှစ် ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်မည့် ကရင်နှစ်သစ်ကူးပွဲများအား နယ်မြေဒေသ အခြေအနေ ကြောင့် အကျဥ်းရုံးသာ ပြုလုပ်ကျင်းပနိုင်ကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များထံမှ သိရသည်။

၂၀၁၉ ခုနှစ် ကိုဗစ်ကာလနှင့်တစ်ဆက်တည်း စစ်အာဏာသိမ်းယူလိုက်သဖြင့် ဒေသအတွင်း လုံခြုံရေး အခြေအနေများကြောင့် တစ်နှစ်တွင်တစ်ကြိမ်သာ ကျင်းပရသည့် ကရင်နှစ်သစ်ကူးနေ့ပွဲတော်အား အခမ်းအနားဖြင့် စည်စည်ကားကားမကျင်းပနိုင်တော့ကြောင်း ဒေသခံများက ပြောသည်။

လှည်းဆိပ်ကျေးရွာနေ အမျိုးသမီးတစ်ဦးက “ရွာမှာကတော့ အလံအလေးပြုဖို့ ပြင်ဆင်ထားကြတယ်။ ကျမတို့တစ်ရွာတည်းတင် မဟုတ်ပါဘူး။ တစ်ချို့ရွာတွေလည်း ပွဲသေးသေးလေးပဲလုပ်ကြတယ်။ ရွာတွေ ကိုက စစ်သားတွေ(စစ်ကောင်စီတပ်) ဝင်ပြီး ကင်းလှည့်တာတွေရှိတယ်ဆိုတော့ လူစုလူဝေးနဲ့ဆို တစ်ခုခုဖြစ်မှာစိုးလို့ အရင်လိုတာဝန်ယူလုပ်ပေးမယ့်သူမရှိတော့တာ” ဟု ၎င်းက ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးရှိ ပန်းတနော်၊ ညောင်တုန်းအစရှိသောမြို့နယ်များတွင် ကရင်နှစ် သစ်ကူးနေ့ အတွက် ပွဲတော်များအား ကရင်အစုအဖွဲ့များ၊ သက်ဆိုင်ရာမြို့နယ်အလိုက်ရှိ ကရင်စာပေနှင့် ယဥ်ကျေးမှုအသင်းများမှ ဦးစီး၍ အခမ်းအနားဖြင့် စည်စည်ကားကားပြုလုပ်ကျင်းပနိုင်သော်လည်း အချို့သောကျေးရွာများတွင်မူ အထက်ပါအခြေအနေများကြောင့် ယခင်က ဘောလုံးအားကစားပြိုင် ပွဲများ၊ ဖျော်ဖြေရေးအစီအစဥ်များ ပါဝင်သော နှစ်သစ်ကူးနေ့အတွက် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခြင်းမရှိကြတော့ခြင်းဖြစ်သည်။

“ကျနော်တို့ဧရာဝတီတိုင်းရဲ့ စာ/ယဥ်တွေက သူတို့တတ်နိုင်တဲ့အနေအထားနဲ့ နှစ်သစ်ကူးနေ့အတွက် လုပ်ပေးနေတာတော့ရှိပေမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် ကျနော်တို့လူမျိုးတစ်မျိုးရဲ့ အမှတ် လက္ခဏာ၊ ကရင်ရဲ့နေ့ထူးနေ့မြတ်မှာတော့ ကိုယ့်အမျိုးတွေစုစည်းပြီးတော့ လုပ်ချင်စိတ်ရှိပေမယ့် တချို့ နေရာတွေမှာ မလုပ်နိုင်တဲ့အတွက် စိတ်မကောင်းတော့ဖြစ်တာပေါ့။” ဟု မြစ်ဝကျွန်းပေါ်ဒေသရှိ ကရင်လူငယ်တစ်ဦးကလည်း ပြောသည်။

ထို့အတူ ပြီးခဲ့သည့် ဇန်နဝါရီလ(၆)ရက်နေ့က ကျုံပျော်ြမို့နယ်၊ ကွင်းဘောကျေးရွာအုပ်စု ကွင်း ဘောရွာ အနီး ကရင်အမျိုးသားနှစ်သစ်ကူးနေ့ပွဲအကြို ဘောလုံးပြိုင်ပွဲကျင်းပအပြီးတွင် အမျိုးသား(၃)ဦး အမည်မသိလက်နက်ကိုင်များမှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခြင်းခံခဲ့ရ၍ ပွဲအစီအစဥ်များအားလုံး ရပ်နားလိုက်ရကြောင်း နီးစပ်သူဒေသခံများ၏ပြောပြချက်အရ သိရသည်။

အဆိုပါအမှုကိစ္စနှင့်ဆက်စပ်၍ ဘောလုံးပွဲအတွင်းရှိခဲ့သော အချိုသောဒေသခံများကို စစ်ကောင်စီ တပ်များက ဖမ်းဆီးစစ်ဆေးနေခြင်းကြောင့် ကျန်ရွာခံများလည်း သတိဖြင့်နေထိုင်နေကြရသည်ဟု နီးစပ်သူများက ဆိုသည်။

ယခုနှစ် ပြာသိုလဆန်း ၁ ရက်(ဇန်နဝါရီလ ၁၁ ရက်)၊ ကျရောက်မည့် ကရင်နှစ် ၂၇၆၃ ခုနှစ်၊ နှစ်သစ်ကူးနေ့ပွဲတော်ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအပြင် ပြည်တွင်း၊ ပြည်ပနှင့် ထိုင်း-မြန်နယ်စပ် ဒုက္ခသည်စခန်းများတွင်လည်း ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။