Home သတင်း ထိုင်ဝမ်တွင် ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးနေ့ ကျင်းပခဲ့

ထိုင်ဝမ်တွင် ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးနေ့ ကျင်းပခဲ့

1146
Photo: ပွဲဖြစ်မြောက်ရေးအဖွဲ့

ဇန်နဝါရီလ ၂၃ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ထိုင်ဝမ်နိုင်ငံတွင် ပထမဆုံးအကြိမ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို နယူးတိုင်ပေမြို့(New Taipei City)၌ ဇန်နဝါ ရီလ ၂၁ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ ကရင်ကျောင်းသူကျောင်းသားများ၊ တက္ကသိုလ်ပရော်ဖက်ဆာများနှင့် ထိုင်ဝမ် နိုင်ငံသားများ စုစုပေါင်း ၅၀ခန့် ပါဝင်ဆင်နွဲခဲ့ကြသည်။

မနက် ၉နာရီမှ မွန်းတည့် ၁၂နာရီအထိ ကျင်းပခဲ့သည့် အဆိုပါ ၂၇၆၃ ကရင်နှစ်သစ်ကူးပွဲတွင် ကရင်အမျိုးသားအလံကို အလေးပြုခြင်း၊ ကရင်ရိုးရာသင်တိုင်းကို ခင်းကျင်း ပြသခြင်း၊ ကရင်နှစ်သစ်ကူးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ ကရင့် တော်လှန်ရေးနှင့် နယ်စပ်ဒေသ ကရင့်ပညာရေး၊ ကရင်စစ်ရှောင်ပြည်သူများအကြောင်း ရှင်းလင်းပြောကြားခဲ့ကြသည်။

ထို့အပြင် ကေအဲန်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်းကလည်း အွန်လိုင်းမှတဆင့် အမှာစကားပြော ကြားခဲ့ပြီး ယခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့အတွက် ပေးပို့သော ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ သဝဏ်လွှာကို ဖတ်ကြားခြင်းများ ပြုလုပ်ခဲ့ကြပြီး အခမ်းအနား တက်ရောက်လာသူများကို ကရင်အလံ ရင်ထိုးလက် ဆောင်ပေးခြင်းနှင့် ကရင်ရိုးရာ တာလပေါ့ဟင်း၊ ငရုတ်သီးထောင်းနှင့် ထမင်းဧည့်ခံကျွေးမွေးခဲ့သည်ဟု သိရသည်။

၎င်းကရင်နှစ်သစ်ကူးပွဲသို့ တက်ရောက်လာသည့် ထိုင်ဝမ်နိုင်ငံသားများကလည်း မြန်မာနိုင်ငံရှိ ကရင်လူမျိုးတွင် ရိုးရာ ဓလေ့၊ အလံနှင့် ရိုးရာအစားအစာ၊ ရိုးရာအဝတ်အစားများ ရက်လုပ်ဝတ်ဆင်သည်ကို ပိုမိုသိရှိလာသည်ဟုလည်း ပွဲ တက်ရောက်ခဲ့သူ နော်လားရှီးက ကေအိုင်စီသို့ပြောသည်။

Photo: ပွဲဖြစ်မြောက်ရေးအဖွဲ့

“အခု ပထမအကြိမ်ပဲ လုပ်တာဆိုပေမယ့် ဒီမှာကျောင်းလာတက်တဲ့ ကရင်ကျောင်းသူကျောင်းသား အချင်းချင်း ပိုသိ ကျွမ်းလာပြီး ပိုလက်တွဲလုပ်ဆောင်သွားကြမယ်လို့သိရတော့ ဝမ်းသာရတယ်။ နောက်နှစ်လည်း ထပ်လုပ်သွားနိုင် အောင်နဲ့ ကရင့်ရိုးရာ လက်ချည်ပွဲလည်း လုပ်နိုင်ဖို့ ယားလည်း ကြိုးစားနေတယ်။”ဟု နော်လားရှီးက ကေအိုင်စီသို့ ပြောသည်။

ထိုင်ဝမ်နိုင်ငံတွင် ကရင်လူမျိုး အနည်းငယ် သွားရောက်ပညာသင်ကြားနေကြသော်လည်း နေ့ထူးနေ့မြတ် ကျင်းပရန် အဖွဲ့အစည်းမရှိသေးသည့်အတွက် ပွဲဖြစ်မြောက်ရေးအနေဖြင့်သာ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

အလားတူ စင်္ကာပူနိုင်ငံ၌လည်း ကရင်နှစ် ၂၇၆၃ နှစ်သစ်ကူးပွဲကို ဇန်နဝါရီလ ၂၁ရက်နေ့တွင်ပင် နေ့လည် ၁၁နာရီမှ ညနေ ၅နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြသလို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌လည်း ကရင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် KKO က ကရင်နှစ်သစ်ကူးနေ့ကို ထိုနေ့က ကျင်းပခဲ့သေးကြောင်း သိရသည်။