ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲနှင့်ပိုင်ကျုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဒေသခံများ၏ တစ်ပိုင် တစ်နိုင်မွေးမြူထားကြသည့် အိမ်မွေးဆိတ်များတွင် ရောဂါကျရောက်ဖြစ်ပွားမှု ကြုံတွေ့နေကြ ရသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံအများအနေဖြင့် မိသားစုအပိုဝင်ငွေအဖြစ် မိမိတို့၏ အိမ်ခြံများ၌ ကြက်၊ ဝက်နှင့် ဆိတ်များကို တစ်ပိုင်တစ်နိုင်မွေးမြူကြပြီး ယခု ဇန်နဝါရီလ ၁၈ ရက်မှစတင်ပြီး ဆိတ်များတွင် ရောဂါကျ ရောက်၍ အများအပြားသေဆုံးမှုများဖြစ်ပေါ်နေကြောင်း ပိုင်ကျုံမြို့နယ် ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“သေးတဲ့အကောင်သေရင် ဘာမှမဖြစ်ဘူး၊ အခုက ကြီးတဲ့အကောင်တွေအများကြီးကိုသေတာ။ ရောင်းဖို့ လုပ်ထားတဲ့ လူတွေအတော်ထိတာ။ ဆိတ်တွေကို သေချာပြုစုထားရတယ်။ ရောဂါက ကူးတာမြန်နေတော့” ဟု ထိုဒေသခံက ကေအိုင်စီသို့ပြောသည်။
ရောဂါကူးစက်မှုဖြစ်ပွားသောဆိတ်များ၏ ရောဂါလက္ခဏာများတွင် ဆိတ်များနှာချေခြင်း၊ အစားရှာမထွက်ဘဲ အိပ်နေ၍ သေဆုံးသွားခြင်း စသည့်လက္ခဏာများဖြစ်ပွားနေပြီး ဒေသခံများ အနေဖြင့် အိမ်သုံး ဆားရည်များကို လျှက်စေခြင်း၊ ပိန္နဲရွက်များကျွေးခြင်းတို့ဖြင့် ကုသကြသော်လည်း ဆက်လက်သေဆုံးမှုများ ဖြစ်ပွား နေကြောင်း လာဒါးကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ဆိတ်တွေက အေးတာမကြိုက်လို့ ညတိုင်း မီးဖိုပေးတယ်။ နှာချေတာများတော့ ရိုးရိုး ဖြစ်တာထင်တာ။ နောက်တော့ ဆိတ်သိုးတွေ အကောင်ကြီးတွေပါ သေတော့ နားလည်တဲ့ လူတွေကို မေးပြီး လုပ်တော့လည်း ရောဂါမပျောက်ဘူး။ ရွာထဲက ဆိတ်တွေအတော်များများကို ဖြစ်နေတာ။ သေလည်းသေတယ် ” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလို အိမ်မွေးဆိတ်များအပါအဝင်အခြားသော အိမ်မွေးတိရစ္ဆာန်များ ရောဂါဖြစ်ပွားမှုများနှင့် ရောဂါ ကူးစက်မှုကြောင့် သေဆုံးမှုများ ဖြစ်ပွားနေ၍ ဒေသခံများအနေဖြင့် မိသားစု အပိုဝင်ငွေအသုံး စရိတ်များကို ထိခိုက်ဆုံးရှုံးစေကြောင်းလည်း ဒေသခံများက ပြောသည်။
ဒေသခံတိရစ္ဆာန်ကုသရေး ဆရာဝန်တစ်ဦးက “အစာကျေလျှက်ဆားတွေကို ပေးစားတယ်။ နောက်ပြီး ဆေးခြောက်ပင်ကို အရည်ပြုတ်ပြီးလည်း တိုက်တယ်။ အနည်းငယ်တော့ သက်သာတယ်။ ရောဂါတော့ မပျောက်သေးဘူး”ဟု ကေအိုင်စီ သို့ ပြောသည်။
အလားတူ ပိုင်ကျုံမြို့နယ်တွင်း ကျေးရွာများရှိ ဒေသခံများ၏အိမ်တွင်မွေးမြူထားသော ကြက်များမှာ လည်း ကာလရှည်ကြာစွာ ရောဂါအနာကျရောက်၍ အဆက်မပြတ် သေဆုံးမှုဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။



















