Home သတင်း တိုက်ပွဲဖြစ်မှာစိုးရိမ်၍ ကျိုက်ဒုံမြို့အနီးရှိ ပူးရေးအထက်တန်းကျောင်း ယာယီပိတ်ထားရ

တိုက်ပွဲဖြစ်မှာစိုးရိမ်၍ ကျိုက်ဒုံမြို့အနီးရှိ ပူးရေးအထက်တန်းကျောင်း ယာယီပိတ်ထားရ

975

ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဒေသတွင်း တိုက်ပွဲဖြစ်ပွားလာမည်ကို စိုးရိမ်သောကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပ လာယာခရိုင်၊ တပ်မဟာ ၆ နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့အနီးရှိ ပူးရေးကျေးရွာ ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းကို ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့မှစ၍ ယာယီပိတ်ထားလိုက်ရသည်ဟု ကျောင်းသားမိဘထံမှ သိရသည်။

ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်ကုန်းမှ ပူးရေးကျေးရွာဘက်သို့ လက်နက်ကြီးများနှင့် မကြာခဏပစ် ခတ်မှုများလုပ်ဆောင်သည့်အတွက် ရပ်နီး၊ ရပ်ဝေးမှ ကျောင်းလာတက်သည့် ကျောင်းသူ၊ ကျောင်းသား များ၏ လုံခြုံရေးစိုးရိမ်ရသည့်အတွက် ကျောင်းကို ယာယီပိတ်ထားလိုက်ပြီး နေရပ်ကို ယာယီပြန်ခိုင်းလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

ကျောင်းသားမိဘတစ်ဦးက “ကျမတို့ ကလေးလည်း အဲမှာကျောင်းသွားတက်တယ်။ အခြေအနေမ ကောင်းဘူးလို့ ကျောင်းခဏပိတ်ထားမယ်ဆိုတော့ ကလေးတွေကို သွားကြိုခိုင်းလိုက်တာ။ ဘယ်နှစ်ရက် လောက်ပိတ်လဲတော့မသိဘူး။ ကျောင်းပြန်ဖွင့်လို့ အဆင်ပြေရင် ဆရာတွေက ဖုန်းပြန်ဆက်မယ်။ တိုက်ပွဲတွေဖြစ်ရင် ကလေးတွေအတွက် အဆင်မပြေဘူးဆိုတော့ ကလေးတွေကို သွားပြန် ခေါ်ခိုင်းလိုက် တာဖြစ်တယ်”ဟု ကေအိုင်စီသို့ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကလည်း အလားတူ အခြေအနေကြောင့် ကျောင်းကို တစ်ပတ်ကြာပိတ်ထားပြီး ရပ်ဝေးရှိ ကျောင်းသူ၊ ကျောင်းသားများကိုလည်း ကျောင်းသားမိဘများ လာရောက် ခေါ်ဆောင်ခဲ့ရသေးသည်ဟု သိရသည်။

ပူးရေးကျေးရွာအနီးရှိ နေထိုင်သည့် ဒေသခံတစ်ဦးကလည်း “ဒီဘက်မှာတော့ အခြေအနေမကောင်းဘူး ။ တိုက်ပွဲဖြစ်လာနိုင်တယ်။ အဲလိုတော့ အမြဲပြောကြတယ်။ တိုက်ပွဲကြီးကြီးတော့ဖြစ်တာ မရှိသေးဘူး။ တစ်ခါတစ်လေ တပ်ကုန်းကနေ လက်နက်ကြီးပစ်တာရှိတယ်။ ဒီဘက်တော်လှန်ရေးတပ်ဖွဲ့က သူတို့ တပ်စခန်းကို ဒရုန်းနဲ့သွားပစ်ရင် ဒီဘက်ရွာဘက်ကိုတော့ လက်နက်ကြီး ပြန်ပစ်တာ ခဏခဏ တော့ရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန(KECD)၏ သင်ရိုးညွှန်းတမ်းဖြင့် သင်ကြားပေးနေသော ပူးရေး ကျေးရွာ ကိုယ်ထူကိုယ်ထအထက်တန်းကျောင်းသည် ယခင်က အလယ်တန်းအထိသာ သင်ကြား ပေးရာမှ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးသည့်နောက်ပိုင်းတွင် ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းအဆင့်ထိ တိုးချဲ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ဒေသခံကျောင်းသူ ကျောင်းသားများအပြင် ကျုံဒိုး၊ ကော့ကရိတ်နှင့် နို့တကော(ကြာအင်းဆိပ်ကြီး) မြို့ နယ်ရှိ ကျောင်းသူကျောင်းသားများလည်း လာရောက်ပညာသင်ကြားလျက်ရှိရာ ယခုနှစ် ပညာသင် နှစ်တွင် ကျောင်းသူကျောင်းသားဦးရေ ၄၀၀ ကျော်ရှိသည်ဟု သိရသည်။