ဇန်နဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ယနေ့ဇန်နဝါရီလ ၁၀ ရက်အထိ ကရင်အမျိုး သားလွတ်မြောက် ရေးတပ်မတော်(KNLA) မဟာမိတ် PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အရပ်သားပြည်သူများ၏ နေအိမ်အဆောက်အဦးလည်း နေ့စဉ်လိုလို ထိခိုက်ပျက်စီးလျက်ရှိကြောင်း မြို့ခံများက ပြောသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်ဘက်က ရပ်ကွက်ထဲကိုသာ လက်နက်ကြီး ပစ်ချသည့် အတွက် နေအိမ်၊ ဆိုင်ခန်းစသည့်အဆောက်အဦးများ နေ့စဉ်မီးလောင်ပျက်စီးနေကြောင်း အိမ်နှင့် ဆိုင်ခန်းမီး လောင်ပျက်စီးသွားသည့် ကော့ကရိတ်မြို့ဒေသခံတစ်ဦးက မြို့ခံပြည်သူတစ်ဦးက ပြောသည်။
၎င်းက “အဒေါ်တို့ဘက်မှာ မနေ့ညကပဲ အိမ်တွေဆိုင်တွေ (၆)လုံးမီးထဲ ပါသွားတယ်။ အဒေါ်ဆိုင်လည်း အကုန်မီးလောင်သွားပြီး။ နေ့တိုင်းလိုလိုပဲ မီးလောင်တယ်။ တော်တော်စိတ်ညစ်တယ်။ “ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကော့ကရိတ်မြို့စစ်ရှောင်နေရသူများသည် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားနိုင်သည့် ရပ်ကွက်များတွင် လမ်းကြောင်းရှင်းပေး၍ နေအိမ်ရှိ ပစ္စည်းများ ပြန်လာသယ်ယူခွင့်ပေးကြောင်း ဒေသခံများက ပြောသည်။
အခြားမြို့ခံတစ်ဦးကလည်း “သူတို့(တော်လှန်ရေးတပ်ဖွဲ့)တွေ ထိန်းချုပ်နိုင်တဲ့နေရာထိတော့ ပြည် သူတွေ ပစ္စည်းပြန်သယ်တာ အိမ်ပြန်ကြည့်တာခွင့်ပြု ပေးတယ်။ သူတို့လမ်း ကြောင်းရှင်းပေးလို့ ဒီနေ့ ကျမတို့အိမ်ပြန်ကြည့်တယ်”ဟု ပြောသည်။
ကော့ကရိတ်မြို့တွင်း တိုက်ပွဲဖော်ဆောင်သည့် တစ်လကျော်အတွင်း အရပ်သားနေအိမ် ပေါင်း တစ်ရာ(၁၀၀)ကျော် မီးလောင်ပျက်စီးခဲ့ပြီးဖြစ်ကြောင်း ဒေသခံရပ်မိရပ်ဖများ၏ ကောက်ခံထားသော စာရင်းအရ သိရသည်။
လက်ရှိတွင် စစ်ကောင်စီတပ်များသည် နေ့စဉ်လက်နက်ကြီးပစ်ခတ်မှုအပြင် ဒရုန်းယာဉ်များဖြင့် မြို့တွင်း ရပ်ကွက်ထဲသို့ ပစ်ချမှုလုပ်ဆောင်လာနေကြောင်း စစ်မျက်နှာပြင်ပေါ်ရှိ တော်လှန်ရေး ပူးပေါင်းတပ်များက ပြောသည်။



















