ဇန်နဝါရီလ ၁၁ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်သူအပေါင်း ဘေးရန်ကင်းဝေးကာ ပြည်ထောင်စုအကျိုး၊ ပြည်နယ်အကျိုး အားသွန်ခွန်စိုက် ထမ်းဆောင်နိုင် ပါစေကြောင်း ကရင်နှစ် ၂၇၆၃ ကရင်နှစ်သစ်ကူးသည့်နေ့တွင် ဒီမိုကရက်တစ်လူငယ်ကောင်စီ၊ လူငယ်နိုင်ငံရေးအဖွဲ့အ စည်းက ဆုမွန်ကောင်းတောင်းကာ သဝဏ်လွှာ ပေးပို့လိုက်သည်။
၂၀၂၄၊ ဇန်နဝါရီလ ၁၁ရက်နေ့တွင် ကျရောက်သော ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အခါသမယတွင် ကရင်ပြည်သူများ အပါအဝင် မြန်မာပြည်သူအပေါင်း စစ်အာဏာရှင်စနစ်ဆိုးအောက်မှ ရုန်းထွက်လွတ်မြောက်ပါစေကြောင်းနှင့် ကရင့်ကံ ကြမ္မာ ကရင်ဖန်တီးနိုင်စေရန်လည်း သဝဏ်လွှာ၌ ရေးသားထားသည်။
ထို့အပြင် ကိုယ်ပိုင် ဘာသာစကား၊ ယဉ်ကျေးမှု၊ အစဉ်အလာတို့ဖြင့် ပြည်ထောင်စုအတွင်း ငြိမ်းချမ်းစွာ အတူတကွ နေထိုင်နေကြသည့် ကရင်လူမျိုးများသည် ခေတ်အဆက်ဆက် ပြည်ထောင်စုအကျိုးကို ကျရာအခန်းကဏ္ဍမှ စွမ်းစွမ်း တမံ သယ်ပိုးခဲ့ကြပြီး ယနေ့ နွေဦးတော်လှန်ရေးအတွင်း၌လည်း ကရင်အမျိုးသားများ၏ တက်ကြွစွာ ပါဝင်မှု၊ အမှန် တရားအား ချစ်မြတ်နိုးမှု၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင်နေမှုများမှာ လေးစားအားကျဖွယ်ဖြစ် ကြောင်း ဖော်ပြထားသည်။

လွတ်လပ်ရေးရပြီးသည့်ကာလမှစ၍ အကြမ်းဖက်စစ်အုပ်စုအဆက်ဆက်၏ သပ်လျိုသွေးခွဲအုပ်ချုပ်မှု၊ ဖိနှိပ်မှု၊ ယုတ်မာ ကောက်ကျစ်မှုများကို ကရင်လူထု အပါအဝင် တိုင်းရင်းသားပြည်သူအများ ခါးစည်းခံစားခဲ့ရသည်။ သို့သော်လည်း ကရင်လူမျိုးများ၏ ခိုင်မာသည့် သံဓိဌာန်နှင့် ပြတ်သားသည့်စိတ်ဓါတ်ကို ဤနွေဦးတော်လှန်ရေးတွင် တွေ့ရှိခဲ့ရသဖြင့် ထပ်လောင်း လေးစားမိသည်ဟုလည်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
လက်ရှိ ကရင်ပြည်နယ်အတွင်း အာဏာရှင်နိဂုံးချုပ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီဖေါ်ဆောင်ရေးတိုက်ပွဲများတွင် ကရင် အမျိုးသားအစည်းအရုံး(KNU)၏ အောင်မြင်မှုများအပေါ် အထူးအားတက်မိသည့်အပြင် ကရင့်တော်လှန်ရေးခေါင်း ဆောင် စောဘဦးကြီး၏ မူဝါဒလမ်းညွှန်ချက်များအတိုင်း ဆက်လက်ဖော်ဆောင်ကာ အောင်ပွဲဆင်နိုင်ရန် ကြိုးပမ်းအား ထုတ်မှုများကို ထောက်ခံဂုဏ်ယူရင်း ကရင်လူထုနှင့် နိုင်ငံရေးအရ တစ်သားတည်း ဆက်လက် တိုက်ပွဲဝင်လျှက်ရှိ ကြောင်းနှင့် လွတ်လပ်သည့်၊ သိက္ခာရှိသည့်လူမျိုးအဖြစ် ဆက်လက် တိုးတက်နိုင်ပါစေကြောင်း ဒီမိုကရက်တစ်လူငယ် ကောင်စီ(DYC)အနေဖြင့် သဝဏ်လွှာပို့ကာ ဆုမွန်ကောင်းတောင်းခဲ့သည်။



















