Home သတင်း တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ တော်လှန်ရေးရဲဘော်များ ဖန်တီးထားသည့် ကြိုးပန်းချီနှင့် ဆီဆေး၊ ရေဆေးပန်းချီ ပြပွဲပြုလုပ်

တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာရ တော်လှန်ရေးရဲဘော်များ ဖန်တီးထားသည့် ကြိုးပန်းချီနှင့် ဆီဆေး၊ ရေဆေးပန်းချီ ပြပွဲပြုလုပ်

735

ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင် တော်လှန်ရေးတွင် တိုက်ပွဲဝင်ရင်း ထိခိုက်ဒဏ်ရာရခဲ့ပြီးနောက်ပိုင်း ဘဝတူထိခိုက်ဒဏ် ရာရခဲ့ကြသော ရဲဘော်ရဲဘက်များအတွက် တတ်စွမ်းသည့် လက်မှုပညာ၊ ပန်းချီပညာနှင့် လက်မှုအနု ပညာလက်ရာများ ဖန်တီးထားသည့် ကြိုးပန်းချီနှင့် ရေဆေး၊ ဆီဆေးပန်းချီများ ရန်ပုံငွေအဖြစ် ပြသ ရောင်းချသည့်ပြပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တစ်နေရာတွင် ကျင်းပနေကြောင်း သိရှိရသည်။

အဆိုပါ ပြပွဲတွင် ထိခိုက်ဒဏ်ရာရပြီး မသန်စွမ်းရဲဘော် ၃ ဦးက ကြိုးပန်းချီနှင့် ဆီဆေး၊ ရေဆေးပန်းချီ ပုံ ၃၀ ခန့်ကို ၎င်းတို့၏ ရဲဘော်ရဲဘက်၊ တိုက်ဖော်တိုက်ဖက် တော်လှန်ရေး ရဲဘော်များ၏ အမှတ်တရ ဖြစ် စဉ်များကို အခြေခံပြီးရေးဆွဲထားသော ပန်းချီကားများဖြစ်ကြောင်း ပန်းချီဆရာတော်လှန်ရေးရဲဘော် စောစေးဝါးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “ဒီပန်းချီကားတွေက ကျနော်တို့ ရဲဘော်တွေ ရှေ့တန်းမှာ၊ တိုက်ပွဲထဲ ဖြစ်ပျက်ထိခိုက်ခဲ့တဲ့ အမှတ်တရ အဖြစ်အပျက်တွေကို အသိစိတ်ထဲစွဲထင်ပြီး ပြန်လည် ဖော်ညွှန်းရေးဆွဲထားတာပါ။ ဒီပန်းချီကားတွေ ရောင်းရတဲ့ငွေကိုလည်း ကျနော်တို့ ထိခိုက်ဒဏ်ရာရ ရဲဘော်တို့အတွက် အသုံးလိုတဲ့ နေရာတွေမှာ ဖြည့်စွက်အသုံးပြုဖို့ လိုအပ်တာကြောင့် ကျနော်တို့ ကိုယ်ပိုင်ဖန်တီးတဲ့ပန်းချီပြပွဲ လုပ်ရင်း ရန်ပုံငွေ ရအောင်စီစဉ်ပြသတာပါ ”ဟု ပြောသည်။

ပန်းချီပြပွဲကို ၇ ရက်ပြသရောင်းချမှာဖြစ်ပြီး ရရှိလာသည့် ပန်းချီကားရောင်းရငွေကို ဒဏ်ရရာရ လူနာ သယ်ကူရန် လူနာတင်ယာဉ်တစ်စီး ဝယ်ယူသွားရန် လိုအပ်နေသည်ဟု စစ်မြေပြင် ထိခိုက်ဒဏ်ရာရရှိ သူများကို ကျန်းမာရေးစောင့်လျှောက်ကူညီပေးနေသူတစ်ဦးက ပြောသည်။

“ကျမတို့ တော်လှန်ရေးရဲဘော်တွေ ထိခိုက်ဒဏ်ရာရပေမယ့် စိတ်ဓါတ်တွေ ပိုပြီးမာ ကျောသန် မာကြပါတယ်။ သူတို့တတ်နိုင်တဲ့ဘက်က ရဲဘော်ရဲဘက်တွေနဲ့ အတူ ရှင်သန်အောင်ပြုစု ပေးကြရင်း နိုင်ရာတာဝန်ကို ထမ်းဆောင်နေကြတာပါ။ ကျမတို့ ရဲဘော်တွေ စစ်မြေပြင်မှာ ထိခိုက်ဒဏ်ရာရရင် သယ်ယူဖို့ ယာဉ်တွေက ၃ နှစ်သက်တမ်းရှိနေပြီဆိုတော့ ပျက်စီးယိုယွင်းတာတွေ ရှိလာပြီ။ အဲတော့ နောက်ထပ်လူနာသယ်ယူရေးအတွက် ဆေးရုံဆေးခန်းအချိန်မီရောက်ဖို့ ဆေးရုံကား ဝယ်ယူ ဖြည့် တင်းနိုင်ဖို့အတွက် ကျမတို့ ကြိုးစားလုပ်ဆောင်မှု တစ်ခုပါ”ဟု နယ်စပ်အခြေစိုက် ထိခိုက်ဒဏ်ရာရရှိသူ များကို ကျန်းမာရေးစောင့်ရှောက်ရာမှာ အကူအညီပေးနေသူ အမျိုးသမီးက ပြောသည်။

ယခုပန်းချီပြပွဲလုပ်သည့် ရဲဘော် ၃ ဦးသည် လက်ရှိ မြန်မာပြည်တွင်းက စစ်တပ်နှင့် တိုင်ရင်းသား မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာမျိုးစုံရရှိပြီး ကုသရေး၊ ပြန်လည်သန်စွမ်းရေး အတွက် လိုအပ်ချက်ရှိနေသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ရဲဘော်ပေါင်း ၁၀၀ ကျော်အပါအဝင် အမျိုးသမီးနှင့် စစ်ဘေးရှောင်ကလေးငယ်များကို စောင့်ရှောက်အကူအညီပေးနေသည့် Sunshine Care Center -SCC တွင် ထိခိုက်ဒဏ်ရာရရှိထားသည့် ရဲဘော်များကို ကူညီစောင့်ရှောက်ပေးရင်း ပန်းချီ၊ ကြိုးပန်းချီနှင့် ဆေးမှင်ကြောင် (Tattoo ) ထိုးသည့်အလုပ်ဖြင့် ရန်ပုံငွေ ရှာဖွေကူညီ ထောက်ပံ့နေသူများဖြစ်သည်ဟု သိရှိရသည်။

ထို့အပြင် ပန်းချီပြပွဲ လာရောက်ကြည့်ရှုသူ အမျိုးသမီးတစ်ဦးကလည်း “ဒီရဲဘော်တွေ ဆွဲပြထားတဲ့ ပန်းချီကားတွေက အဓိပ္ပါယ်တွေ ကိုယ်စီရှိတာတွေ့ရတယ်။ သူတို့ ဖြစ်ပျက်ကြုံတွေ့ခဲ့ ရတာတွေကို သရုပ်ဖော်ပြီး ဆွဲပြထားတာ ကျမကြိုက်ပါတယ်။ စိတ်တော့ မကောင်းပါဘူး။ သူတို့က စိတ်ဓါတ်တွေ သန်မာနေကြတာတွေ့ရတော့ ဂုဏ်ယူမဆုံးဖြစ်ရတယ်။ စစ်မြေပြင်က ရဲဘော်တွေ ထက်တောင် သူတို့ က နောက်တန်းကနေ တော်လှန်ရေးအတွက် မနားမနေကြိုးစားနေတာတွေ့ရတော့ ကျမ ကျေနပ် ပီတိဖြစ်ပါတယ်”ဟု ပြောသည်။

ယခု ဇန်နဝါရီလ ၁၀ရက်နေ့ ညနေပိုင်းက ဖွင့်လှစ်ပြသသည့် ပန်းချီပြပွဲကို မဲဆောက်ဒေသရောက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စစ်ရှောင်အရေးကူညီပေးနေသူများ၊ ပန်းချီဝါသနာရှင်များနှင့် မဲဆောက်ဒေသအတွင်းရှိ ဒေသခံများအပါအဝင် လူဦးရေ ၁၀၀ ဝန်းကျင် လာရောက်ကြည့်ရှု အားပေးခဲ့ ကြပြီး ၇ ရက်ပြသမှာ ဖြစ်ကြောင်း သိရသည်။