ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ
လက်ရှိကာလတွင် ကွဲပြားနေသည့် ကရင့်လက်နက်ကိုင်အဖွဲ့များအနေဖြင့် နိုင်ငံရေး ရည်မှန်းချက် တစ်ခုအောက်တွင် ပြန်လည်စုစည်းရန် အချိန်တန်ပြီးဖြစ်ကြောင်း ယနေ့ကျရောက်သည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ပဒိုစောလှထွန်းက ပြောဆိုလိုက်သည်။
ကရင်ပြည်နယ်၊ ပိုင်ကျုံမြိုနယ်၊ တာကရားကျေးရွာတွင် ပိုင်ကျုံမြို့နယ် ကရင်လူငယ်အစည်းအရုံး(KYO) ဦးဆောင်၍ ကရင့်လက်နက်ကိုင် (၄)ဖွဲ့ ပူးပေါင်းပါဝင်ပြုလုပ်သည့် ကရင်နှစ် ၂၇၆၃ ခုနှစ်မြောက် ကရင် အမျိုးသားနှစ်သစ်ကူးနေ့ အခမ်းအနားတွင် ကေအဲန်ယူတွဲဖက် အထွေထွေအတွင်းရေးမှူး (၂) ပဒို စောလှထွန်းက ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကရင်လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိတဲ့အပေါ် အခုအချိန်မှာ နိုင်ငံရေးရည်မှန်းချက် ပန်းတိုင် တစ်ခုအောက်မှာ ကရင်လူမျိုးတစ်မျိုးအနေနဲ့ ရှင်သန်ရပ်တည်နေသည့် အလားတူ ကရင်အလံတော် တစ်ခုအောက်မှာ ပြန်လည်စုစည်း စည်းလုံးပြီး ရှေ့လျှောက်အတူတကွ စည်းရုံးလုပ်ဆောင်သွားဖို့ အချိန်ပဲဖြစ်တယ်” ဟု ပဒိုစောလှထွန်းက ပြောကြားခဲ့သည်။
ထို့အပြင် လတ်တလောတွင် ကရင်လူထုများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခအတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အတိဒုက္ခရောက်နေကြရသည့်အပေါ် အချင်းချင်း ရိုင်းပင်း ကူညီ သွားကြရန်လည်း ပဒိုစောလှထွန်းက အခမ်းအနားတွင် တိုက်တွန်းပြောကြားခဲ့သည်။
ကရင်လက်နက်ကိုင်(၄)ဖွဲ့ ပူးပေါင်းပြုလုပ်သည့် အဆိုပါနှစ်သစ်ကူးနေ့ပွဲတော်သို့ ကေအဲန်ယူ၏ ထိပ်ပိုင်း ခေါင်းဆောင်ဖြစ်သည့် ဗဟိုတွဲဖက်အထွေထွေအတွင်းရေးမှူး(၂)ပဒိုစောလှထွန်းအပြင် အခြားသော ခရိုင်၊ မြို့နယ်အဆင့်ခေါင်းဆောင်များ၊ နယ်ခြားစောင့်တပ် (BGF)မှ တာဝန်ရှိသူများနှင့် ဒေသခံ အပါအဝင် လူထုပရိသတ် တစ်ထောင်နီးပါး ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားသို့ ပါဝင်တက်ရောက်ခဲ့သည့် ကရင်လူငယ်စောခုဖောကလည်း “အခုဟာ အချိန် ကောင်း ပါပဲ။ ကရင့်လက်နက်ကိုင်တွေ ပြန်လည်စည်းလုံးပြီး ဘုံရည်မှန်းချက်တစ်ခုတည်းအောက်မှာ သွားဖို့ အတွက်က ကရင်လူထုတွေရဲ့ မြင်တွေ့ချင်ဆုံးအရာဆိုရင် မမှားပါဘူး။ အခု ကရင့်နှစ်သစ်အချိန်ကစပြီး စည်းလုံးသွားဖို့ကို ကျနော်တို့ လူထုတွေ ဆန္ဒပြုမိပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ယနေ့ ကျင်းပသည့် နှစ်သစ်ကူးနေ့တွင် ကရင်အမျိုးသားအလံတော်ကို ဦးစွာအလေးပြုပြီးနောက် ကောက်သစ်စားခြင်း အစီအစဉ်ကို ဆက်လက်ပြုလုပ်ခဲ့ပြီး သက်ဆိုင်ရာ ခေါင်းဆောင်များက အမှာစကားပြောကြားအပြင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားသို့ ပေးပို့လာသော သဝဏ်လွှာများကို လူငယ်များက ဖတ်ကြားခဲ့သည်။
ယနေ့ ကျရောက်သည့် ကရင်နှစ် ၂၇၆၃ ခု ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို မြန်မာနိုင်ငံ ဒေသ အသီးသီးရှိ ကရင်လူမျိုးများ နေထိုင်ရာ ဒေသများနှင့် ပြည်ပရောက် ကရင်အမျိုးသားများ ဦးဆောင်၍ ပုံစံမျိုးစုံဖြင့် အသီးသီးဂုဏ်ပြုကျင်းပကြသည်။
ကရင်အမျိုးသားခေါင်းဆောင်များအနေဖြင့် ကရင်လူမျိုးအခွင့်အရေးများကို လွှတ်တော်အတွင်း တောင်းဆိုခဲ့ရာ ၁၉၃၇ ခုနှစ်တွင် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို တရားဝင်အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ထို့နောက် ၁၉၃၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ သလေးလ(ပြာသို)ဆန်း(၁) ရက်နေ့မှစ၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ကို ကျင်းပလာခဲ့ရာ ယခုနှစ်တွင် (၈၆) ကြိမ်မြောက်ရှိခဲ့ပြီးဖြစ်သည်။



















