Home သတင်း ဘီးလင်းမြို့နယ် ကျေးလက်ဒေသများတွင် နွားများ တောခွေး၏ ကိုက်သတ်ခံရမှု အဖြစ်များလာ

ဘီးလင်းမြို့နယ် ကျေးလက်ဒေသများတွင် နွားများ တောခွေး၏ ကိုက်သတ်ခံရမှု အဖြစ်များလာ

672
Photo: CJ

ဇန်နဝါရီလ ၁၀ ရက်။ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင်၊ (တပ်မဟာ-၁ နယ်မြေ) ဘီးလင်းမြို့နယ်ရှိ ကျေး ရွာအချို့ တောစပ်နေရာများတွင် ယခုတလော မွေးမြူထားသည့် နွားများကိုက်သတ်ခံရမှု အဖြစ်များလာသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါ တောခွေးများသည် တစ်နှစ်ထက်တစ်နှစ်အကောင်ရေများပြားလာသလို မွေးမြူထားသည့် အိမ်မွေးနွားများလည်း မကြာခဏဆိုသလို ကိုက်သတ်ခြင်းခံရသည်ဟု ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “လူမပါဘဲ တောထဲမှာ လွှတ်တဲ့နွားတွေက အကိုက်ခံရများတယ်။ အများစုကိုက်ခံရတာက နွား ကလေးတွေပါ။ လူပါရင်တော့ ခွေးတွေပြေးတယ်။ နွားတွေအကိုက်ခံရတာ နှစ်မိုးရှိပြီး။ နွားတွေက မိုးတွင်းမှာဆိုရင် တောတက်အစာရှာစားများတော့ မိုးတွင်းမှာ အကိုက်ခံရတာများတယ်။ တစ်ခါ တစ်လေတောခွေးတွေ စားတာနွားက ခေါင်းတစ်လုံးပဲ ပြန်တွေ့တာတွေရှိတယ်”ဟု ပြောသည်။

အဆိုပါ တောခွေးများသည် ၃ နှစ်ဆက်တိုက် အသားစားပြီးမှ အနားယူလေ့ရှိသလို သားရဲတော ကောင်များကို ကျင်ငယ်ဖြင့် ပက်လိုက်လျှင်လည်း တောကောင်များမျက်စိမမြင်တော့ကြောင်း ဒေသခံများက အယူအဆထားရှိကြသည်။ ထို့ကြောင့် တောခွေးများကို တောမုဆိုးအဖြစ် သဘောထား ကာ တောမုဆိုးအချင်းချင်း လေးစားသည့်အနေဖြင့် ထိုတောခွေးများကို ပစ်ခတ်သတ် ဖြတ်ခြင်း မပြုလုပ်ကြကြောင်းလည်း ဒေသခံဘက်မှ ပြောဆိုသည်။

Photo: CJ

ဘီးလင်းမြို့နယ် ညဖိုးခီးကျေးရွာအနီးရှိတောစပ်နေရာများတွင် နွားအကိုက်ခံရမှုအဖြစ်များကာ ကြသောင်းဆိပ်နှင့် တာအုခီးအနီးရှိ တောစပ်နေရာများတွင်လည်း နွားများအလားတူ အကိုက်ခံရကြောင်း ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ကေအဲန်ယူ တပ်မဟာ(၁)၊ သထုံခရိုင်အပြင် တပ်မဟာ(၅)၊ ဖာပွန်ခရိုင်နယ်မြေဘက်တွင်လည်း တောခွေးများရှိပြီး မွေးမြူထားသော နွားများကို ရံဖန်ရံခါ ကိုက်တတ်သော်လည်း လူများကို အန္တရာယ်ပြုခြင်းမရှိသည့်အတွက် ဒေသအတွင်းရှိ တောမုဆိုးများက ပစ်ခတ်သတ်ဖြတ်ခြင်း မပြုလုပ်ကြကြောင်း ဒေသခံများက ပြောသည်။

ကေအဲန်ယူ သထုံခရိုင်ထဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နှင့် အကြီးစားဖွံ့ဖြိုးရေးစီမံကိန်းကို ဟန့်တားရန် ရည်ရွယ်၍ ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ဧက ၃၀၀၀ ကျော်ရှိ ထီးသိုခီး တောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတစ်ခုကိုလည်း ပြီးခဲ့သည့် ဇူလိုင်လက ဒေသခံပြည်သူလူထုနှင့် ကေအဲန်ယူ ခရိုင်သစ်တောဌာနက အတည်ပြုသတ်မှတ်ခဲ့သေးသည်။