Home သတင်း ပြည်သူ့စစ်ဖွဲ့ရန် ဖိအားပေးခြိမ်းခြောက်နေသူများကို အရေးယူမည်ဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ ထုတ်ပြန်

ပြည်သူ့စစ်ဖွဲ့ရန် ဖိအားပေးခြိမ်းခြောက်နေသူများကို အရေးယူမည်ဖြစ်ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ ထုတ်ပြန်

839
Photo: Crd.

ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ်(၂)စစ်ဒေသခွဲ ၏ လှုပ်ရှား မှုနယ်မြေအတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့စည်းရေးအတွက် လူအင်အားစု ဆောင်းရန် ပြည်သူလူထုအပေါ် ဖိအားပေးခြိမ်းခြောက်ရာတွင် လိုက်ပါဆောင်ရွက်နေသူများကို ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း တောင်ပိုင်းတိုင်း စစ်ဒေသခွဲ(၂)က ယနေ့ ထုတ်ပြန်လိုက်သည်။

တောင်ပိုင်းဒေသ ပဲခူး၊ မွန်၊ ကရင်၊ တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်များ အထူးသဖြင့် ပဲခူးတိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ယခုနှစ် ဇန်နဝါရီလအစောပိုင်းမှစတင်၍ စစ်ကောင်စီက ပြည်သူ့စစ်တပ်ဖွဲ့ ဖွဲ့စည်း ခြင်းနှင့် စစ်သင်တန်းများပေးရန် အတင်းအကြပ် လူအင်အားစုဆောင်းမှုများ တကျော့ပြန်လုပ် ဆောင်လာသည့်အပေါ် NUG တောင်ပိုင်းတိုင်းစစ်ဒေသဘက်က ယခုလို သတိပေးထုတ်ပြန် လိုက်ခြင်းဖြစ်သည်။

ပြည်သူလူထုအပေါ် စစ်ကောင်စီအလိုကျ ဖိအားပေးခြိမ်းခြောက်နေသူများအား ပြင်းထန်စွာ အရေးယူ မည်ဖြစ်သောကြောင့် မိမိတို့လုပ်ရပ်များကို ရပ်တန့်ရန်နှင့် ပြည်သူများအနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံများနှင့် နီးကပ်စွာနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းမပြုလုပ်ရန် ထုတ်ပြန်ချက်တွင် ထည့်သွင်းနှိုးဆော်ထားသည်။

ထို့အပြင် လက်ရှိ ပဲခူးတိုင်းအတွင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ အားကောင်းနေ သည့်အခြေအနေဖြစ် သလို ပိုမိုတိုးမြင့်လုပ်ဆောင်ရန် အစီအစဥ်များလည်းရှိထားသောကြောင့် ပြည်သူများအနေဖြင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းကြရန် ပဲခူးတိုင်း PDF ပြောခွင့်ရ ကိုဝေယံက ယခုလိုပြောသည်။

“စစ်ရေးဆိုင်ရာတုန့်ပြန်မှုတွေကတော့ ကျနော်တို့ဘက်ကတော့ ဒီထက်ပိုတိုးပြီးလုပ်ဆောင်လာဖို့ရှိတယ် ။ မလုပ်ခင်မှာတော့ ကြိုပြောထုတ်ပြောလို့မရသေးဘူး။ ပြည်သူကိုကာကွယ်ရမယ်ဆိုတဲ့အသိနဲ့စစ်ရေးဆိုင်ရာ စည်းကမ်းမျှော်မှန်းချက်တွေနဲ့ ကျနော်တို့ တိုက်ပွဲဝင်သွားဖို့ရှိပါတယ်။ ပြည်သူတွေ အနေနဲ့ မထူးတော့ဘူးလေဗျာ၊ ဒီအခြေအနေရောက်မှ ပြည်သူ့စစ်တပ်ဖွဲ့ထဲ မဝင်ရင်လည်းဖမ်းထားတာ ဆိုတော့ ကျနော်တို့နဲ့ပူးပေါင်းပြီး စစ်ကောင်စီကိုပြန်တိုက်မလားဆိုတာ ပြတ်ပြတ်သား သားရွေးရတော့မယ့် အခြေအနေရောက်ပြီလို့ ပြောချင်တယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ပြည်သူ့စစ်ဖွဲ့စည်းရန် စစ်ကောင်စီက မြို့နယ်အများစုရှိ ကျေးရွာများမှ တစ်ရွာလျှင် လူ(၂၀)ဦးခန့် တောင်းခံခြင်း၊ တစ်အိမ်တစ်ယောက်နှုန်းအလှည့်ကျစီမဲနှိုက်ပါဝင်စေခြင်း၊ အမျိုးသားများမရှိသော နေအိမ်တွင် အမျိုးသမီးများကို ပါဝင်ခိုင်းခြင်းတို့လုပ်ဆောင်နေသည့်အပြင် မပါဝင်နိုင်သောရွာများကို ပစ်ခတ်သတ်ဖြတ်မည်ဖြစ်ကြောင်း ပုံစံမျိုးစုံဖြင့် ခြိမ်းခြောက်ပြောဆိုနေကြသည်ဟု ဒေသခံများက ပြောသည်။

ထို့အတူ ဇန်နဝါရီလ (၁၄) ရက်နေ့ကလည်း ပဲခူးတိုင်းအနောက်ခြမ်း ပေါင်းတည်မြို့ရှိ မအူကွင်းရွာနှင့် တောင်ခမောက်ရွာတို့အား ပြည်သူ့စစ်သင်တန်းအတွက် စစ်ကောင်စီက လူစာရင်းကောက်ခံရာတွင် စာရင်းတင်မပေးလာသဖြင့် ရွာနှစ်ရွာရှိ နေအိမ်(၁၀၀)ကျော်အား မီးရှို့ဖျက်ဆီးခဲ့ပြီး ဒေသခံ(၄၀၀)ခန့် အိုးအိမ်မဲ့ခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလပိုင်းကလည်း ပဲခူးတိုင်း တောင်ငူ၊ ပြည်နှင့် ညောင်လေး ပင်မြို့ နယ်များတွင် စစ်ကောင်စီက ပြည်သူများအား အတင်းအကြပ် ပြည်သူ့စစ်သင်တန်း တက်ရောက်စေ၍ လက်နက်တပ်ဆင်ပေးမှုများရှိခဲ့သလို သင်တန်းမတက်ရသေးသော်လည်း ၎င်းတို့အကျိုးအတွက် ပြန်လည်အသုံးချမှုများ ရှိခဲ့သည်။