Home သတင်း ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက်ဒေသတွင် ပြောင်းစျေးကျနေ

ထိုင်း-မြန်မာနယ်စပ် မြဝတီတောင်ဘက်ဒေသတွင် ပြောင်းစျေးကျနေ

901

ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပြောင်းစိုက်ဧကပေါင်း သိန်းချီရှိသည့် ထိုင်းနိုင်ငံနှင့် ကရင်ပြည်နယ် နယ်စပ် မြဝတီ တောင်ဘက်တစ်လျှောက်တွင် ယခုနှစ်ပြောင်းစေ့ချွေသည့်အချိန်၌ ယခင်နှစ်ထက် ပြောင်းစျေးကျဆင်းနေကြောင်း စိုက်တောင်သူများထံမှ သိရသည်။

ယခင်နှစ်က ပြောင်းစေ့ (၁၅) ကီလိုတစ်ပုံးလျှင် ထိုင်းဘက်ခြမ်းတွင် ဘတ် (၁၈၀) ကျော် နှင့် မြန်မာဘက်ခြမ်းတွင် ဘတ် (၁၃၀) ကျော်စျေးပေါက်ခဲ့ရာမှ ယခုနှစ်တွင် ထိုင်းဘက် ခြမ်းတွင် ဘတ် (၁၄၀) ကျော် စျေးပေါက်ပြီး မြန်မာဘက်ခြမ်းတွင် (၁၀၆) ဘတ်သာ စျေးရှိတော့ကြောင်း တနော်ထကျေးရွာရှိ ပြောင်းစိုက်တောင်သူတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အခုက ထိုင်းဘက်ခြမ်းမှာက ၁၃၀ ကျော်စျေးပေါက်တယ်။ ဒီဘက်ကျတော့ သူဌေးဘက်က အခွန်ကောက်ဖိုးပါ ဖြတ်လိုက်တော့ ၁၀၆ ဘတ်ပဲကျန်တော့တယ်။ မနှစ်က ထိုင်းဘက် ၁၈၀စျေးပေါက်တဲ့ အချိန် ကျနော်တို့ဘက်က ၁၄၀ လောက်ရတယ်။ ပြောင်းစျေးတွေကျပေမဲ့ ဒီကလက်နက်ကိုင်တွေ ကောက်တဲ့ အခွန်ကတော့ပုံမှန်ပဲ ဘတ် ၃၀ ( ၁၅ ကီလိုတစ်ပုံး)ကောက်တယ်။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ နယ်စပ်ဒေသရှိ ကျေးရွာများတွင် ထိုင်းနိုင်ငံဘက်မှ ထိုင်းလုပ်ငန်းရှင်များက ပြောင်းမျိုးစေ့ အရင်းအနှီးထုတ်ပေးပြီး ဒေသခံများဘက်က ၎င်းတို့၏ တောင်ယာ မြေကွက်များတွင် စိုက်ပျိုးကြကာ ပြောင်းသီးနှံ ရိတ်သိမ်းပြီးချိန်တွင် ၎င်းလုပ်ငန်း ရှင်များထံ ပြန်လည်ပေးသွင်းရကာ ၎င်းတို့ ဖြတ်ပေးသည့် စျေးနှုန်းအတိုင်း ရရှိကြခြင်းဖြစ်သည်။

ယခုလို ပြောင်းစျေးကျသွားသော်လည်း နယ်မြေခံ လက်နက်ကိုင်အဖွဲ့အစည်းများကို နယ် စပ်ဖြတ်ကျော်ပေးဆောင်ရသည့် အခွန်အကောက်များမှာမူ ယခင်နှစ်အတိုင်း ပေးဆောင် ကြရပြီး ထိုင်းလုပ်ငန်းရှင်များဘက်က အခွန်အကောက် နှင့် သယ်ယူပို့ဆောင်ရေး စရိတ် အားလုံးကို တွက်ချက်၍ ဒေသခံပြောင်းစိုက်တောင်သူများကိုစျေးနှုန်း သတ်မှတ်ပေးခြင်းဖြစ်သည်။

ယခုလို ပြောင်းစျေးကျဆင်းသွား၍ ဒေသခံပြောင်းစိုက်တောင်သူ အများစုမှာ ထိခိုက်နစ်နာမှုမရှိကြသော်လည်း အချို့ပြောင်းသီးနှံ မဖြစ်ထွန်း၊ မအောင်မြင်သည့် ဒေသခံများအတွက် ထိခိုက်နစ်နာမှုရှိကြောင်းလည်း ဖော်ပြပါ ပြောင်းစိုက်တောင်သူက ဆက်ပြောသည်။

လေးဝေါ်ဒေသခံ ပြောင်းစိုက်တောင်သူတစ်ဦးကလည်း “ အခုက နယ်မြေဒေသ မတည် ငြိမ်တော့ ဒေသခံပြောင်းစိုက်တဲ့သူတွေက ရတဲ့ စျေးနဲ့ ရောင်းကြတယ်။ ထိုင်းဘက်ခြမ်း ကလည်း သူတို့ကို စျေးနှိမ်တယ်။ အရင်လတွေက တစ်ပုံးကို ၈၀ ပဲရတယ်။ အခု ပြောင်းရာသီကုန်ခါနီးကျမှ စျေးနည်းနည်း ပြန်တက်လာတာ။ ဒီမှာက တစ်ပုံးကို ၁၀၇ ဘတ်ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ယခင်က ပြည်တွင်းပြောင်းကုန်သည်များမှ ထိုင်း-မြန်မာနယ်စပ်အထိ ပြောင်းစေ့များ လာရောက်တင်ပို့ရောင်းချမှုရှိသော်လည်း လက်ရှိတွင် ကော့ကရိတ်မြို့တိုက်ပွဲကြောင့် ကော့ကရိတ်-မြဝတီအာရှလမ်းမပိတ်သွားသည့်အတွက် ပြည်တွင်းပြောင်းစိုက် တောင်သူ များ၏ ကုန်သွယ်မှုဝင်ရောက်လာခြင်း မရှိသေးကြောင်းလည်း နယ်စပ်ဒေသခံများထံမှ သိရသည်။

အဆိုပါ နယ်စပ်ဒေသတစ်လျှောက်တွင် ဒေသခံများအနေဖြင့် တောင်ယာ စပါးစိုက် ပျိုးခြင်းအပြင် ထိုင်းလုပ်ငန်း ရှင်များ၏ အရင်းအနှီးများရယူ၍လည်း ပြောင်းစိုက် အသက်မွေးဝမ်းကျောင်းပြုကြသည်။ ဇွန်လတွင် စတင်စိုက်ပျိုးပြီး ၆ လကြာ သက်တမ်းရှိ သည့် အဆိုပါပြောင်းစေ့များကို ယခင်လများက ရိတ်သိမ်းပြီးနောက် ယခုလများတွင် အစေ့ထုတ်ချွေကာ ထိုင်းနိုင်ငံဘက်ခြမ်းသို့ တင်ပို့ရောင်းချကြသည်။