Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်လေးပင် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်လေးပင် ဒေသခံ ၂ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရခဲ့

764

ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃)နယ်မြေ၊ လယ်ဒို(ကျောက်ကြီး)နှင့် ဆောထိ(ရွှေ့ကျင်) မြို့နယ်အတွင်းကို စစ်ကောင်စီ၏ တပ်ရင်းစခန်းကုန်းများမှ ဟောင်ဝစ်ဇာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် အရပ်သားပြည်သူ ၂ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ−၃၀၇) ၊ (ခမရ-၄၃၉) ၊ (ခမရ-၅၉၉) တပ်ရင်းနှင့် ခြေလျင်တပ်ရင်း (ခလရ-၂၆၄) စသည့် တပ်ရင်းစခန်းများသည် ဇန်နဝါရီလ ၁၇ ရက်မှစ၍ ၂၀ ရက်နေ့အထိ ဟောင်ဝစ်ဇာ (၁၂၀ မမ) (၁၅၅ မမ) နှင့် (၈၈ မမ)တို့ဖြင့် ကျေးရွာပေါင်း ၁၀ ရွာထဲသို့ လက်နက်ကြီး (၁၈) ကြိမ်ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီတပ်စခန်းများမှ ကျေးရွာအတွင်းသို့ ဟောင်ဝစ်ဇာလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် အရပ် သား ပြည်သူထိခိုက်သေဆုံးမှုအပြင် အရပ်သားနေအိမ် (၇)လုံးလည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် ငဖယ်အင်း ရွာနေ အသက် (၆၅)နှစ်အရွယ် ဒေါ်သန်းနှင့် အသက် (၆၇) နှစ်အရွယ် ညားတခြား ကျည်ထိမှန် သေဆုံးခဲ့ပြီး သနပ်ကွင်းမြို့နေ အသက် (၅၁) နှစ်အရွယ် ဦးမင်းဇော်၊ အသက် (၅၅)နှစ်အရွယ် ဦးမျိုးဝင်း၊ အသက် (၁၄) နှစ်အရွယ် စောနေလင်းထွန်းတို့လည်း လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ကေအဲန်ယူ တပ်မဟာ(၃) နယ်မြေတွင် နယ်မြေခံတော်လှန်ရေးအင်အားစုများနှင့် စစ်ကောင်စီအကြား နှစ်ဖက်တိုက်ပွဲ နေ့စဉ်ဖြစ်ပွားနေပြီး ပြီးခဲ့သည့်လများကလည်း မုန်းမြို့ကို တော်လှန်ရေးအင်အားစုများဘက်က သိမ်းပိုက်ရရှိထားသည်။ စစ်ကောင်စီဘက်မှ အခြေစိုက်တပ်စခန်းများမှနေ၍ လက်နက်ကြီးများအပြင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ မကြာခဏ လုပ်ဆောင်လျက်ရှိပြီး ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင် နေရလျက်ရှိသည်။

စစ်ကောင်စီအနေဖြင့် ကေအဲန်ယူတပ်မဟာ (၃) နယ်မြေရှိ ကျေးရွာများထဲသို့ ယခုလို ကျေးရွာအတွင်း လက်နက်ကြီး ပစ်ခတ်မှုများ၊ နေအိမ်အဆောက်အဦး၊ ဘုရားစေတီ၊ ဘုရားကျောင်းများကို ရည်ရွယ်ချက်ရှိရှိ လူ့အခွင့်အရေးချိုးဖောက်မှုမျိုး ကျူးလွန်နေသည့်အပြင် အခြားသော ကေအဲန်ယူ တပ်မဟာ ဒေသများ တွင်လည်း အလားတူ လူ့အခွင့်အရေး ချိုးဖောက်မှုများကို လုပ်ဆောင်နေလျက်ရှိသည်။