Home သတင်း ကေအဲန်ယူ တပ်မဟာ (၁) ထံ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ချပူးပေါင်း

ကေအဲန်ယူ တပ်မဟာ (၁) ထံ စစ်ကောင်စီတပ်သား ၃ ဦး လက်နက်ချပူးပေါင်း

749

ဇန်နဝါရီလ ၂၄ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ်(၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈)၏ ခြေမြန်တပ် ရင်း(ခမရ-၄၁၀) ဝင်းတာပန်စခန်းရှိ စစ်ကောင်စီတပ်သား ၂ ဦး နှင့် လေးကေတပ်စခန်းမှ တပ်သား တစ်ဦးသည် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ (၁)ထံ လက်နက်ချ ပူးပေါင်းခဲ့ကြောင်း KNU ဒူးသထူခရိုင်က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ KNLA ထံသို့ လက်နက်ချအလင်းဝင်လာသူများမှာ ကိုယ်ပိုင်အမှတ်- တ/၅၅၈၁၈၅ အသက် (၃၂) နှစ်အရွယ် တပ်သား ချစ်ထွေး၊ ကိုယ်ပိုင်အမှတ်- တ/၄၇၁၇၁၅ အသက် ၃၅ နှစ်အရွယ် ဆက်သွယ်ရေး တပ်သား စိုးနိုင်ဝင်း နှင့် ကိုယ်ပိုင်အမှတ် တ/၄၉၅၀၃၃ အသက် (၃၃) နှစ်အရွယ် သူနာပြုဆေးမှူး ကျော်မျိုးလှိုင်တို့ဖြစ်ကြောင်း KNU ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလအတွင်း ၂ ဦး နှင့် ယခုလ ၁၀ ရက်နေ့အတွင် တစ်ဦးလက်နက်ငယ်နှင့် ခဲယမ်းများကိုယ်စီဖြင့် လက်နက်ချ ဝင်ရောက်လာခြင်းဖြစ်ပြီး KNLA တာဝန်ရှိသူများက ထိုက်သင့်သည့် ဆုငွေများပေးအပ်ချီးမြှင့်ခဲ့ပြီး ဘေးကင်းသည့် နေရာတွင် ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု ကေအဲန်ယူက ဆိုသည်။

ထို့အပြင် စစ်ကောင်စီတပ်ကို ပြန်လည်တိုက်ခိုက်လိုပါက ခွင့်ပြုပေးထားသည့်အပြင် မိသားစုအရေး အတွက်သာ လုပ်လိုပါက လိုအပ်သည့် အလုပ်အကိုင် အခွင့်အလမ်းနှင့် နေစရာနေရာများကို စီစဥ်ပေးသည်ဟုလည်း ကေအဲန်ယူ ဒူးသထူခရိုင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အဆိုပါ ဝင်းတာပန်‌ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KNLA နှင့် ကရင်အမျိုး သား ကာကွယ်ရေးတပ်ဖွဲ့ (KNDO)တို့ ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ ထားသည့်အပြင် လူအင်အား၊ လက်နက်အင်အားအပြင် စားနပ်ရိက္ခာလမ်းကြောင်းကိုပါ အားလုံးဖြတ် တောက်ခံနေရကြောင်း နယ်မြေ အ‌ခြေအနေကိုသိရှိသူ ဒေသခံတစ်ဦးက ပြောဆိုသည်။

အလားတူ ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်နှင့် လေးကေစစ်ကောင်စီတပ်စခန်း ၂ ခုမှ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ သည် (KNLA)နှင့် (KNDO) တို့ဦးဆောင်သည့်‌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ မကြာခဏ လာရောက်ပူးပေါင်းမှုများ ရှိနေသည်ဟု တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။