Home သတင်း ကရင့်တော်လှန်ရေးနေ့အတွက် တော်လှန်သူတို့ ဂုဏ်ပြုစကား

ကရင့်တော်လှန်ရေးနေ့အတွက် တော်လှန်သူတို့ ဂုဏ်ပြုစကား

214

ကရင့်တော်လှန်ရေးနေ့အတွက် တော်လှန်သူတို့ ဂုဏ်ပြုစကား

ယခုလ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သော (၇၅)နှစ်မြောက် ကရင်အမျိုး သားတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် တိုင်းရင်းသားခေါင်းဆောင်များနှင့် တော်လှန်ရေး အဖွဲ့အစည်းများ ခေါင်းဆောင်များ၏ ဂုဏ်ပြုအမှတ်တရ စကားများကို စုစည်းဖော်ပြလိုက်ပါသည်။

ဦးအောင်ဆန်းမြင့် – ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ အတွင်းရေးမှူး -၂
ကျနော်တို့တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေကတော့ ဒီနေ့ ၁၉၄၈ နောက်ပိုင်းကတည်းကစပြီး ဒီအမျိုးသားတော်လှန်ရေးကို စတင်တာဖြစ်တာပေါ့နော်။ အထူးသဖြင့် ကရင်နဲ့ ကရင်နီတို့က အစောပိုင်းတော်လှန်ရေးကိုလုပ်လာတဲ့ဟာတွေဖြစ်တယ်။ ဆိုတော့ ဒီနေ့ တော်လှန်ရေးရည်ရွယ် ချက်လုပ်ရတဲ့ရည်ရွယ်ချက်ကတော့ ကျနော်တို့ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝကျင့်သုံးနိုင်ရေးအတွက် အမျိုးသားတော်လှန်ရေး လုပ်နေတာဖြစ်တယ်။ အဲဒီအတွက်ကြောင့် ကျနော်တို့ကတော့ ဒီနေ့နှစ်ပေါင်း ၇၅ နှစ်ကျော်ပေါ့။ ဒီမတရားတဲ့ စစ်အာဏာရှင်ရဲ့ဖိနှိပ်မှုအောက်မှာပေါ့နော်၊ ကျနော်တို့ရဲ့ တစ်မျိုသားလုံးလွတ်လပ်ရေး အတွက် ကရင်အပါအဝင် ကျနော်တို့ရဲ့တိုင်းရင်းသား တစ်ခြား သောတိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်း တွေနဲ့အတူပေါ့နော်၊ ကျနော်တို့ ဒီအောင်ပွဲရတဲ့အထိ ကျနော်တို့ တကွလက်တွဲ တိုက်ပွဲ ဝင်သွားကြပါစို့လို့ ကျနော်ကတော့ ဆုတောင်း မေတ္တာပို့အပ်လိုက်ပါတယ်။

ပြီးတော့ ဒီနေ့အချိန်ထိ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ အတတ်နိုင်ဆုံးလူထုရဲ့လုံခြုံရေးနဲ့ လူထုရဲ့လိုအပ်ချက်တွေကို ကျနော်တို့ အတတ်နိုင်ဆုံးဖြည့် ဆည်းဆောင်ရွက်ပေးနေတာ ဖြစ်တယ်ပေါ့နော်။ ၂၀၂၁ ခုနှစ် စစ်အုပ်စုက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မှာဆို ပိုပြီးတော့မှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့စည်းတွေရဲ့ တာဝန်က ပိုကြီးလာပါတယ်။ ပိုပြီးတော့မှပဲ လူထုရဲ့ လုံခြုံရေးနဲ့ လူထုရဲ့လိုအပ်ချက်တွေကို လုပ်ပေးရတာတွေပိုများလာပါ တယ်ပေါ့နော်။ ဒီနေ့အကြမ်း ဖက်စစ်အုပ်စုက အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားပြီး လေယာဉ်နဲ့ ဗုံးကြဲတာတွေ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီစစ်ရှောင် ဘဝတွေက ကရင်မှာရော၊ ကရင်နီမှာရော အများကြီးဖြစ်နေပါပြီး ဒီအတွက်လူထုအတွက် ကျနော်တို့ အများကြီး ကူညီပေးနိုင်တာရှိတယ်။

ဒါ့အပြင် ကျနော်တို့အနာဂတ် စစ်အာဏာရှင်ပြုတ်ကျပြီးဆိုလို့ရှိရင် ကိုယ့်ပြည်နယ် တွေအ တွင်းမှာပေါ့နော်၊ ဖက်ဒရယ်ယူနစ်အတွင်းမှာ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝနဲ့ အုပ်ချုပ်ရေး ဥပဒေပြု ရေးတရားစီရင်ရေးလုပ်ငန်းတွေလုပ်နိုင်အောင် ဒီနေ့ထဲက Practice လုပ်နေပါပြီး ကရင်မှာဆိုရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးလုပ်ငန်းတွေကို ကိုယ်တိုင်ကိုယ်ကျအကောင်အထည် ဖော်တည်ဆောက်နိုင်သလို ကရင်နီမှာလည်း ကျနော်တို့ ဒီလိုဌာနဆိုင်ရာအသီးသီး ဖွဲ့စည်းပြီးတော့မှ လုပ်နေတာရှိတယ်။ ဒါက အနာဂတ်အတွက် ကျနော်တို့ပြင်ဆင်တဲ့ အောင်မြင်မှုတွေပဲဖြစ်ပါတယ်။

ဒေါ်ခင်ဥမ္မာ ။ ။ (Progressive Voice-ရှေ့ပြေးအသံ) တည်ထောင်သူ
(၇၅)နှစ်ပြည့်မြောက် မြင့်မြတ်တဲ့ကရင့်တော်လှန်ရေးနေ့မှာ ကရင်ပြည်သူပြည်သား ညီအစ်ကို မောင်နှမတွေအားလုံးရော၊ ကရင့်ခေါင်းဆောင်များအားလုံးရော တော်လှန်ရေးခွန်အားပြည့်ဝစွာနဲ့ စိတ်ကျန်းမာကိုယ်ကျန်းမာရှိကြပါစေလို့ အရင်ဆုံး ဆုတောင်းမေတ္တာ ပို့သပါတယ်။

ကရင့်တော်လှန်ရေးက ကျမတို့ ရှစ်လေးလုံးမျိုးဆက်ကနေ အခုနွေဦး တော်လှန်ရေး မျိုးဆက်တွေအထိ အများကြီးအားကျလေးစားရပြီး အစဥ်အလာကြီးမားတဲ့တော်လှန်ရေးကြီးဖြစ်ပါ တယ်။ နှစ်ပေါင်း(၇၀)ကျော် တောက်လျှောက်ကို စောဘဦးကြီးရဲ့မူကို လက်စွဲပြီးတော့ မဆုတ်မနစ်နဲ့ မျိုးဆက်နဲ့ချီပြီးတော့မှ ကရင့်အမျိုးသားလွတ်မြောက်ရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်တင်မကဘဲ ဗမာအပါအဝင် အခြားသော တိုင်းရင်းသားတွေနဲ့ မြန်မာပြည်ကပြည်သူလူထုတစ်ရပ်လုံး စစ်အာဏာရှင် လက်အောက်က လွတ်မြောက်ပြီးလွတ်လပ်ရေးရဖို့ကိုရော စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီ ထူထောင်ရေး အတွက်ကိုပါ ကရင့်တော်လှန်ရေးခေါင်းဆောင်တွေအနေနဲ့ ဦးဆောင်ပါဝင်နေကြတာဟာ ကျမအနေနဲ့ အထူးကိုလေးစား ဦးညွှတ်ပါတယ်။

စစ်မှန်တဲ့ဖက်ဒရယ်ဆိုတာက တန်းတူ စုပေါင်းဦးဆောင်မှုဖြစ်တဲ့ တန်းတူညီမျှမှု လည်းရှိ တယ်ပေါ့နော်။ နွေဦးတော်လှန်ရေးကာလမှာ ကရင့်တော်လှန်ရေးခေါင်းဆောင်တွေအားလုံးက တော်လှန်ရေးတပ်ဦးကနေပြီးတော့ ကျမတို့အားလုံးကို ရဲရဲတင်းတင်းပဲ ဦးဆောင်မှုပေးပါလို့ ကျမအနေနဲ့ ဆန္ဒပြုပါတယ်။

၂၀၂၄ ခုနှစ်မှာကျရောက်တဲ့ (၇၅)နှစ်မြောက်တဲ့ ကရင့်တော်လှန်ရေးနေ့ကို ဆင်နွှဲရင်းနဲ့ ၂၀၂၅ ခုနှစ်ကျရင်တော့ တော်လှန်ရေးအောင်မြင်တဲ့နေ့တစ်နေ့အဖြစ် တစ်တိုင်းတစ်ပြည်လုံးကပြည်သူတွေနဲ့ လက်တွဲပြီးတော့မှ စစ်အာဏာရှင်ကို အမြစ်ဖြတ် စုပေါင်းအောင်ပွဲခံနိုင်တဲ့၊ အောင်ပွဲခံနိုင်တဲ့ နှစ်တစ်နှစ်ကိုရောက်ဖို့နှစ် ဖြစ်ပါစေ၊ ကရင့်တော်လှန်ရေး အောင်ပွဲခံနိုင်တဲ့နှစ်တစ်နှစ်ဖြစ်ပါစေလို့လည်း ဆန္ဒမွန်ပြုအပ်ပါတယ်။

ရဲဘော်သံခဲ ။ ။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး -ABSDF ၊ ဥက္ကဋ္ဌ
ကရင့်အမျိုးသားတော်လှန်ရေးနေ့အတွက် အင်မတန်မှဂုဏ်ယူတယ်၊ ဝမ်းသာတယ်။ ကရင်အမျိုးသားတစ်ရပ်လုံးအတွက် အင်မတန်မှတန်ဖိုးထား၊ အလေးထားရမယ့် နေ့ဖြစ်ပါတယ်။ ကျနော့်အနေနဲ့ ကရင့်အမျိုး သားတော်လှန်ရေးနေ့ကို အပိုင်း(၃)ပိုင်း အဓိကထားပြီး ဂုဏ်ပြုချင်ပါတယ်။ (၇၅)နှစ်ဆိုတဲ့ကာလဟာ မျိုးဆက်အားဖြင့်ပြောရရင် မျိုးဆက်သုံးဆက်ဆက်တိုက် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးရေး၊ တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အနာဂတ်ပြည်ထောင်စုရဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပုံစံ တစ်ခုကို ရုန်းကန်ခဲ့ကြ ရတဲ့ရှည်လျားတဲ့သမိုင်းတစ်ခု ဖြစ်ပါတယ်။ ဒီမျိုးဆက် သုံးဆက်မှာ ပထမဆုံးမျိုး ဆက်ကြီးတွေဖြစ်တဲ့ အမျိုးသားတော်လှန်ရေးကို ရေစက်ချခဲ့ကြတဲ့ခေါင်းဆောင်ကြီးများဟာ ကျနော်တို့ တိုင်းရင်းသား အားလုံးရဲ့စံပြပုဂ္ဂိုလ်များလို့ပြောရင်ရပါတယ်။ ဒီနေရာမှာ လွတ်လပ်ရေးရပြီး တန်းတူ ရေးအတွက် ပထမဆုံးတိုက်ပွဲဝင်ခဲ့ကြရတဲ့သမိုင်းစဥ်ရှိပါတယ်။

ဒုတိယမျိုးဆက်ကတော့ တိုင်းပြည်ရဲ့ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အင်အားစုအား လုံးနဲ့လက်တွဲညီညီ တိုက်ပွဲတွေကိုဖော်ဆောင်တယ်။ လက်တွဲညီညီ အားလုံးအတွက်ဦးဆောင်ပေးခဲ့တဲ့ မျိုးဆက်လို့ပြောရင် ဂုဏ်ပြုထိုက်တယ်လို့ ကျနော်ယူဆပါတယ်။ တတိယကတော့ လက်ရှိနွေဦးတော် လှန်ရေးနဲ့အတူ ပကတိဖြစ်နေတဲ့ စစ်အာဏာရှင်လက်တွေ့တိုက်ပွဲမှာ အားလုံးနဲ့အတူ လက်တွဲဆောင် ရွက်နေကြတာလည်း တွေ့ရတယ်။ တပြိုင်နက်တည်းမှာပဲ လွတ်မြောက်ရေးအတွက် ဦးဆောင်မှုအခန်း ကဏ္ဍလည်း ရှိတယ်။ ဒါကြောင့်မို့လို့ ဒီတတိယမျိုးဆက်တော့ တန်းတူခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့အတူ ပြည်ထောင်စုကို လက်တွေ့တိုက်ပွဲဝင်နေတဲ့ အမျိုးသားတော်လှန်ရေးလို့ကျနော် ယူဆပါတယ်။

ဒီ သုံးခုစလုံးဟာ အဆက်အစပ်တစ်ခုတည်း ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ (၇၅)နှစ်ဆိုတဲ့ သမိုင်းစဥ်တစ်လျှောက်လုံးမှာ တိုက်ပွဲဝင်ခဲ့ကြတဲ့ ကရင့်အမျိုးသားခေါင်းဆောင်တွေကိုကျနော်တို့ အလေးအမြတ်ပြုပါတယ်။ တပြိုင်နက်တည်းမှာပဲ ဒီနောက်မှာ မားမားမတ်မတ်ဝန်းရံပံ့ပိုးခဲ့ကြတဲ့ ကရင်အမျိုးသားထုတစ်ရပ်လုံးကိုလည်း ကျနော်တို့ဂုဏ်ပြုပါတယ်။ ဒါသည် သမိုင်းအတွက် အင်မတန်မှ တန်ဖိုးထားရမယ့် ကရင့်အမျိုးသားတော်လှန်ရေးရဲ့ရုပ်လက္ခဏာတင်မဟုတ်ပါဘူး၊ သမိုင်းရေးဆိုင်ရာ အချက်အလက်လို့ ကျနော်ပြောချင်ပါတယ်။

ဦးမောင်မောင်ဆွေ။ ။ အမျိုးသားညီညတ်ရေးအစိုးရ-NUG၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုအတွင်းဝန်
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ကျရောက်မဲ့ (၇၅) နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ကို ကရင်ပြည်သူ လူထုတစ်ရပ်လုံးနဲ့ ထပ်တူအလေးထား ဂုဏ်ယူပါကြောင်း ပြောပါရစေ။

၁၉၄၈ ခုနှစ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ ကရင်ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ လွတ်လပ်ရေး၊ တန်းတူရေး၊ ငြိမ်းချမ်းရေး နဲ့ ဒီမိုကရေစီ အရေးတို့ကို ဖော်ဆောင်နိုင်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ကာ တောင်းဆိုကြသော်လည်း မရရှိခဲ့တဲ့အတွက် နောက်ဆုံးမှာ လက်နက်ကိုင်စွဲတော်လှန်ဖို့ ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ကရင်လူထုအတွက် တိုက်ပွဲဝင်ခဲ့ကြရင်း ကျဆုံးသွားကြတဲ့ ကရင့်အာဇာနည် သူရဲကောင်းအပေါင်းကိုလည်း လေးစားဦးညွတ်ပါတယ်။

၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်ကို လာရောက်ခိုလှုံခဲ့ကြတဲ့ ပြည်သူ အပေါင်းကို ကရင်အမျိုးသားအစည်းအရုံး(KNU) နဲ့ ကရင်ပြည်သူ လူထုတစ်ရပ်လုံးရဲ့ ကူညီစောင့် ရှောက်မှု ပူးပေါင်းပါဝင်မှုကလည်း ဒီနွေဦးတော်လှန်ရေးအတွက် အင်မတန်အရေးပါတဲ့ သမိုင်း မှတ်တိုင်တစ်ခု ဖြစ်တယ်ဆိုတာလည်း ပြောချင်ပါတယ်။

ခုကျရောက်တော့မဲ့ (၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ စိန်ရတု ကာလမှာတော့ ကရင်ပြည်သူ လူထုနဲ့တကွ တစ်နိုင်ငံလုံးက တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံးရဲ့ လိုလား ချက်ဖြစ်တဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်၊ ချေမှုန်းသုတ်သင်နိုင်မယ့် အခွင့်အလမ်း တစ်နည်းပြောရရင် ကျဆုံးသွားကြရတဲ့ အာဇာနည်အပေါင်းရဲ့ လိုအင်ဆန္ဒဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည် ထောင်နိုင်ဖို့ အခွင့်အရေးက ကျနော်တို့ အားလုံးရဲ့ မျက်စိရှေ့မှောက်ကို ရောက်လာခဲ့ပြီးမို့ ကျနော်တို့ အားလုံးရဲ့ ညီညွတ်အားနဲ့ အရယူနိုင်ဖို့ ကြိုးစား ဆောင်ရွက် ကြပါစို့လို့ တိုက်တွန်းမေတ္တာပို့သ အပ်ပါတယ်ခင်ဗျာ့။

ပဒိုစောအယ်ဝါး။ ။ KNU တောင်ငူခရိုင် အတွင်းရေးမှူး
ဒီနိုင်ငံမှာက လူမျိုးရေးအရ အတန်းစားအရဖိနှိပ်ခံရတာတွေ၊ မဟာလူမျိုးကြီးဝါဒကြီးစိုး လွမ်းမိုးခြင်းခံရတာ၊ တစ်ပါတီအာဏာရှင်စနစ်ကြီးစိုးလွှမ်မိုးမှုခံရတာ၊ လက်နက် အားကိုးသည့် စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှု၊ ခံရတာတွေကို နည်းမျိုးစုံဖြင့် ပြန်လည်ခုခံ တော်လှန်သော သူအားလုံးကို လေးစားဂုဏ်ယူတယ်။ တန်ဖိုးလည်းထားတယ်။ တော်လှန်ရေးလုပ်ခြင်းသည် မွန်မြတ် သောစိတ်ထားရှိသူများဖြစ်ကြပြီး။ စွန့်လွတ်စွန့်စားနိုင်သောသူများသာ အနစ်နာခံပြီးပေးဆပ်နိုင်သောသူများ၏ အလုပ်ဖြစ်တယ်။ မှန်မှန်ကန် ကန်တော်လှန်ရေး လုပ်နေသောသူများသည် တော်လှန်ခြင်း၏အနစ်သာရကို ဖော်ဆောင် သူများဖြစ်တယ်။ ထိုဖော်ဆောင်သောသူများအားလုံးကိုတန်ဖိုးထားဂုဏ်ယူလေးစားအပ်ပါတယ်။

တော်လှန်ရေးကြာရခြင်းက- စည်းလုံးညီညွတ်မှုအားနည်းလို့၊ တချို့အပိုင်းမှာခေါင်းဆောင်မှုပိုင်း ဆိုင်ရာစွမ်းရည်အားနည်း၊ ကရင်လူထုတွေထဲမှာ နိုင်ငံရေးအသိအမြင် တော်လှန်ရေးအသိနဲ့ ခံယူချက် အားနည်းနေသေးတယ်။ လူထုတရပ်လုံးပူးပေါင်းပါဝင်မှု အားနည်းနေသေးလို့၊ တော်လှန်ရေး ကာလမှ ချမှတ်ထားသော မူလမ်းစဉ် စည်းမျည်းစည်းကမ်းကို လိုက်နာကျင့်ကြံမှုအားနည်းတယ်။ အချောင်သမား ကိုယ်ကျ်ုးရှာတော်လှန်ရေးအရေ ခြုံတော်လှန်ရေးသမားများ ရှိနေသေးသည့်အတွက် တော်လှန်ရေးအောင်မြင်ဖို့ ကြန့်ကြာရတယ်။

ခွန်မြင့်ထွန်း။ ။ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ-PNFC ၊ ဥက္ကဋ္ဌ
ကရင့်တော်လှန်ရေး စိန်ရတု (၇၅)နှစ်ပြည့်မြောက်မှာ ကရင့်တော်လှန်ရေး အောင်မြင်ပါစေ ကြောင်းနဲ့ အရင်လိုအစဥ်အဆက်အားဖြင့်လည်း ကျနော်တို့အမျိုးသားလွတ်မြောက်မှု တော်လှန်ရေးကို ဦးဆောင်ခဲ့တဲ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေနဲ့လည်း ဆက်လက်ပြီးတော့ ဦးဆောင်ဖို့နဲ့ ဒီနေ့အခါမှာ အရေးတကြီးလိုအပ်နေတဲ့ တော်လှန်ရေးအင်အားစုတွေကြားမှာ နိုင်ငံရေးဘုံ သဘောတူညီချက် အမြန်ဆုံးရရှိဖို့ကိုလည်း ဦးဆောင်ပြီးဆောင်ရွက်နိုင်ပါစေကြောင်း ကျနော်တို့ ဆုတောင်းပါတယ်။

ကရင့်အမျိုးသားနှစ်သစ်ကူးနေ့မှာ ကေအဲန်ယူဥက္ကဋ္ဌကြီး ပဒိုစောကွယ်ထူးဝင်းပြောသွားတဲ့ စစ် အာဏာရှင် အုပ်ချုပ်ရေးတင်မကဘဲနဲ့ စစ်အာဏာရှင်စနစ်အားလုံးနဲ့ လူမျိုးကြီးဝါဒအားလုံး အမြစ်ဖြတ် ကျဆုံးရေးကို ဦးတည်ရည်ရွယ်ပြီးတော့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဆောင်ရွက်နေ တယ်ဆိုတဲ့အချက်ကိုလည်း ကျနော်တို့အလေးအနက် ထောက်ခံပါတယ်။ ကျနော်တို့ ပအိုဝ်းတော်လှန် ရေးနဲ့ ကရင့်တော်လှန်ရေးဆိုတာဟာ တော်လှန်ရေးညီအစ်ကိုမောင်နှမတွေလည်း ဖြစ်ကြပါတယ်။ ကရင့်တော်လှန်ရေးက (၁၉၄၉) ဇန်နဝါရီလ(၃၁)ရက်နေ့မှာ စတင်ခဲ့သလိုပဲ ကျနော်တို့ ပအိုဝ်းတော်လှန်ရေး ကလည်း (၁၉၄၉)ခုနှစ် ဒီဇင်ဘာလ(၁၁)ရက်နေ့မှာ စတင်ခဲ့တာဖြစ်ပါတယ်။ မိမိတို့ရဲ့ အမျိုးသားလွတ်မြောက်မှုတော်လှန်ရေးတွေကိုလည်း သမိုင်းတစ်လျှောက်မှာ အတူတကွဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ကရင်နဲ့ပအိုဝ်းဆိုတာ အပြန်အလှန်အားဖြင့် သွေးရင်းသားရင်း မောင်နှမအရင်းတွေလို့ ခံယူကြ သလိုပဲ တော်လှန်ရေးသွေးသောက်တွေ ဖြစ်ကြပါတယ်။ ဒါကြောင့်မို့လို့ နွေဦးတော်လှန်ရေး အပါအဝင် ဖက်ဒရယ်ဒီမိုက ရေစီအရေး၊ တော်လှန်ရေးမှာ ကျနော်တို့ ပအိုဝ်းပြည်သူတွေဟာလည်း ကရင်ပြည်သူ များအပါအဝင် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနဲ့ မိမိတို့ရဲ့အမျိုးသားလွတ်မြောက်မှု တော်လှန် ရေး ပြီးပြည့်စုံ အောင်မြင်တဲ့အထိ တစ်တိုင်းတစ်ပြည်လုံးရဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေး အောင်ပွဲခံနိုင် တဲ့အထိ ကျနော်တို့တွေ အတူရပ်တည်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ပါ့မယ်လို့ ပန်ကြားပါတယ်ခင်ဗျ။

ဒေါက်တာ သာစိန် ။ ။ ရွေးကောက်ခံ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး၊ မွန်ပြည်နယ်
(၁၉၄၉) ဇန်နဝါရီလ (၁) ရက်နေ့ကနေ စတင်ခဲ့တဲ့ ကရင့်တော်လှန်ရေးဟာဆိုရင် (၇၅) နှစ်တိုင် ခဲ့ပါပြီ။ ဒီလိုပဲ ကျနော်တို့ သာယာဝပြောပြီး ကောင်းမွန်တဲ့စနစ်တစ်ခုဖော်ဆောင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စတင်ခဲ့တဲ့ တော်လှန်ရေးဟာ (၇၅) နှစ်တာ ကာလအတွင်းမှာ ပေးဆပ်ခဲ့ရတာတွေ၊ ရယူခဲ့တာတွေ၊ အတွေ့အကြုံတွေ အာဏာရှင်ကို ဆန့်ကျင်လိုတဲ့စိတ်တွေ သင်ခန်းစာတွေနဲ့အတူ အတွေးအမြင် အယူအဆတွေ များစွာပြောင်း လဲလာတာကို တွေ့ရပါတယ်။ ဒီရှည်လျားတဲ့တော်လှန်ရေးခရီးမှာ တော်လှန်ရေးစိတ်ဓာတ် ရှင်သန်ကျန် ရစ်ခဲ့သူတွေရှိသလို တော်လှန်ရေးနဲ့ကင်းကွာသွားတဲ့သူတွေလည်း ရှိပါတယ်။ ကရင့်တော်လှန်ရေး ဘက်တော်သားတွေအနေနဲ့ လွတ်လပ်လိုစိတ် ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးလိုစိတ်စတဲ့ ရဲရင့်ပြတ်သားပြီးတော့ အာဏာရှင်ကို တော်လှန်လိုတဲ့စိတ်တွေကတော့ လျော့မသွားပါဘူး။

ကိုယ့်ရဲ့လက်လှမ်းမီရာ အရင်းအမြစ်တွေနဲ့ ကိုယ့်နည်းကိုယ့်ဟန် ကိုယ့်မဟာဗျူဟာနဲ့ နိုင်ငံရေး၊ စစ်ရေး စတာတွေ ရောထွေးလာတဲ့အခြေအနေကို ကျွမ်းကျင်စွာကိုင်တွယ်ကြရင်းနဲ့ တော်လှန်ရေး ရည်မှန်းချက်ကို မျက်ခြေမပြတ်တာ တွေ့ရပါတယ်။ နောက်ဆုံးအနေနဲ့ပြောချင်တာက ကရင်တစ်မျိုး သားလုံးအနေနဲ့ အခုလို နှစ်ခုနှစ်ဆယ်ကျော် တော်လှန်ရေးကာလရလာတဲ့သင်ခန်းစာကိုအခြေခံပြီးတော့ ရှုပ်ယှက် ခတ်လာတဲ့ ပကတိအခြေအနေကို နိုးကြားစွာကိုင်တွယ်ရင်းနဲ့ လမ်းမချော်သွားအောင် လိုအပ်ရင်လမ်းသစ်ကိုတီထွင်ပြီး အတွေးသစ်၊ အမြင်သစ်၊ စိတ်ဓာတ်အသစ်၊ ဦးတည်ချက်အသစ်တွေနဲ့ ရှေ့ဆက်ကြဖို့ တိုက်တွန်းလိုပါတယ်။