Home လူငယ့်အသံ လူငယ့်အမြင် ၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် လူငယ့်စကား

၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် လူငယ့်စကား

234

၇၅ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အတွက် လူငယ့်စကား

ယခုလ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ၇၅ နှစ်မြောက် စိန်ရတု ကရင်အမျိုးသားတော်လှန်ရေးနေ့ ဖြစ်သည်။ ယခုနှစ် ကျရောက်သည့် စိန်ရတု ကရင်အမျိုးသားတော်လှန်ရေးနေ့ အထိမ်းအမှတ်အနေဖြင့် အနယ်နယ် အရပ်ရပ်မှ ကရင်လူငယ်အချို့၏ အမြင်နှင့် သဘောထားများကို စုစည်းဖော်ပြလိုက်ပါသည်။

စောကျော်လင်း ( ရန်ကုန် ကရင်လူငယ်)
တော်လှန်ရေးရဲ့သဘောသဘာဝလို့ ပြောမယ်ဆိုရင်အကြမ်းအားဖြင့် ၂ မျိုးပဲရှိတယ်ပေါ့နော်။ ဥပမာ အကြမ်းမဖက်အနုနည်းနဲ့ ဆန့်ကျင်တော်လှန်တယ်။ အကြမ်း မဖက်အနုနည်းနဲ့ ဒီငြိမ်းချမ်းတဲ့လမ်းကြောင်းကို သွားချင်တယ်ဆိုရင်တော့ အဲ့အတိုင်းပုံမှန်လိုပဲ ကိုယ့်လူပါတီလိုပဲ ပါတီဖွဲ့အတိုက်ခံလုပ်ပြီးတော့ အဲ့လိုမျိုး အတိုက်ခံလုပ်သွားပေါ့နော်။ တော်လှန်ရေးဝင်သွားပေါ့ အဲ့ပုံစံမျိုး။ နောက်တစ်ခု ဒီလက်နက်စွဲ ကိုင်ပြီး လုပ်မယ်ဆိုရင်တော့ ဒါလက်နက်နဲ့ဖြစ်လာပြီးဆိုတော့ သူတိုက်ကိုယ်တိုက် တိုက်ရမှာပဲ။ အဲ့လိုမျိုးပေါ့ တော်လှန်တဲ့သဘောသဘာဝက ၂ မျိုးရှိတယ်။

ကျနော်တို့ ကရင်တော်လှန်ရေးကို ပြန်ကြည့်လိုက်တဲ့အခါကျတော့ အဲ့လိုမျိုးသဲသဲကွဲကွဲ မဖြစ်ဘူး ပေါ့နော်။ ငြိမ်းချမ်းရေးလိုလို၊ လက်နက်ကိုင်တော်လှန်ရေးလိုလို အဲ့လိုပုံစံမျိုးတွေ ရှုပ်ယှက်ခတ်နေတဲ့ အခါ ကျတော့ လှေနံနှစ်ဖက်နင်းတဲ့ပုံစံမျိုးနဲ့ အလှမ်းကျယ်ပြီးအလယ်လတ်တဲ့ပုံစံမျိုး ဖြစ်တယ်။ နောက်တစ်ချက် ကတော့ ကျနော်တို့တော်လှန်ရေးလုပ်မယ်ဆိုရင် တော်လှန်ရေးကို တော်လှန် ရေးနဲ့တူအောင်လုပ်ဖို့လိုတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကရင့်တော်လှန်ရေးကို ကြည့်လိုက်မယ်ဆိုရင် အဖွဲ့တွေ အများကြီးရှိတယ်။ ဒါကတော့ တော်လှန်ရေးလို့ပဲ ပြောကြတာပဲ၊ အမျိုးသားရေးလို့ပဲပြောကြတာပဲ။ ဒါပေမဲ့ အခြေခံထားတာလည်း ခုနက ကျနော်ပြောသလိုမျိုး တစ်ဖွဲ့လာလည်း စောဘဦးကြီးမူ ၄ ချက်လို့ ပြောကြတာပဲ။ ပြောပြီးတော့ အထဲမှာ အချင်းချင်း ပဋိပက္ခတွေပြန်ဖြစ်နေတယ်။

နောက်တစ်ခုကျတော့ တော်လှန်ရေးလုပ်တယ်ဆိုပြီးတော့ပေါ့နော်၊ ဒုက္ခသည်စခန်းမှာ စာရင်း သွင်းပြီး တော့ နေထိုင်တဲ့သူတွေ အဲ့လိုမျိုးတွေလည်းအများကြီး ရှိတယ်။ ဒါက ဒုက္ခသည်တော်လှန်ရေးလား၊ ဘာတော်လှန်ရေးလဲပေါ့နော်။ အဲ့လိုမျိုးမေးခွန်းထုတ်စရာတွေ အများကြီးရှိတယ်ပေါ့နော်။ အဲ့အခါကျတော့ တော်လှန်ရေးက တော်လှန်ရေးနဲ့တူအောင်လုပ်ဖို့ လိုတယ်။ သူများနိုင်ငံ၊ သူများနယ်မြေမှာပဲ အကုန်လုံး ခေါင်း ဆောင်ပိုင်းတွေက သူများနိုင်ငံ သူများနယ်မြေထဲမှာပဲ ခြေကုပ်ယူထားပြီးတော့ ဒါကလည်း အောက်ခြေရဲ ဘော်တွေအတွက် အမြင်တစ်မျိုးဖြစ်သွားတာပေါ့၊ ဒီလိုမျိုးတွေရှိတယ်။

အခု ကရင်တော်လှန်ရေးဆိုရင် လာမယ့်ဇန်နဝါရီ ၃၁ ရက်မှာ ၇၅ နှစ်ပြည့်ပြီး။ ပြန်ကြည့်လိုက်မယ်ဆိုရင် ဒီအနေအထားဆိုရင် ကျနော်တစ်ဦးတစ်ယောက်ထဲ သုံးသပ်ချက်ပေါ့နော်၊ ကရင်တော်လှန်ရေးက မအောင်မြင် နိုင်ဘူး။ ဒီအတိုင်းအနေအထား ဆက်သွားမယ်ဆိုရင် နောက်အနှစ် ၁၀၀ လည်းမအောင်မြင်နိုင်ဘူး။ မအောင်မြင် နိုင်ဘူးဆိုတာ ခုနပြောတဲ့အနေ အထားတွေကြောင့် ဖြစ်တယ်။ ဒီတော်လှန်ရေးထဲမှာ ပါဝင်နေတဲ့သူတွေက ဒီခေါင်းဆောင်ပိုင်းတွေပဲဖြစ်ဖြစ်၊ အောက်ခြေကပဲဖြစ်ဖြစ် ကြည့်လိုက်မယ်ဆိုရင် ကိုယ့်နယ်မြေ၊ ကိုယ့်ဇာတိ၊ ကိုယ့်လူမျိုး ကိုယ့်လူထုတွေကို အသက်ပေးကာကွယ်၊ အရိုးကိုစည်းရိုးထိုးပြီးတော့ အသေခံကာကွယ် တိုက်ခိုက်မဲ့ပုံစံမျိုးနဲ့ အဲ့အထိခံယူချက် ပြင်းပြတာကို ကျနော်တို့ အဲ့လောက်ထိမတွေ့ရဘူး။ မရှိဘူးလားဆိုတော့ လည်း ဒါက ရှိတယ်။ အများစုက အဲ့လိုမျိုးပေါ်ပင်တော်လှန်ရေးတွေသမားတွေ များတယ်လို့ပဲ ပြောရမှာပေါ့နော်။ ဆိုတော့ ဥပမာ ကျနော်တို့က ဒီနယ်မြေအထဲမှာ ပဲမွေးတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်နယ်မြေမှာပဲ သေတယ်။ ကိုယ့်နယ်မြေမှာပဲ မြေမြှုပ်ခံမယ်၊ သင်္ဂြိုဟ်မယ်။ အဲ့လိုမျိုးအဆင့်ထိ ခံယူချက်ရဖို့ကတော့ အဲ့လိုမျိုး လုပ်နိုင်ဖို့က အများကြီးလိုသေးတယ်။ အဲ့တာကြောင့် ဒီတော်လှန်ရေးအနေအထားက ဒီအတိုင်းဆို အောင်မြင်ဖို့ အလားလာမရှိဘူး။

ပြီးခဲ့တဲ့နှစ်က ၁၇ ကြိမ်မြောက်ကွန်ဂရက်မလုပ်ခင်လေးမှာပဲ ဒီ CEC က အဖွဲ့ဝင် တစ်ယောက်နဲ့ ကျနော် စကားပြောဖူးတယ်။ သူက အဲ့ဒီတုန်းက ၁၆ ကြိမ်ကွန်ဂရက်ကလူတွေပဲ တာဝန်ယူထားတဲ့ အနေအထားကို အဲ့တုန်းက ဥက္ကဋ္ဌက ဗိုလ်ချုပ်မူတူးစေးဖိုးဖြစ်နေတဲ့အချိန်၊ အဲ့ဒီ CEC က ပြောတယ် ၊ လူငယ်တွေ ကရင် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့လိုတယ်၊ လုပ်ဖို့လိုတယ်။ ဘာလို့လဲဆိုတော့ လက်ရှိအနေ အထားမှာ ကျတော့ ကရင်လူငယ်တွေက ဒီတော်လှန်ရေးမှာ နည်းနည်းစိတ်အားထက်သန်မှု မရှိတော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဥက္ကဋ္ဌကြီးကိုကြည့် အခုဆိုရင် အသက်က ၉၀ လောက်ရှိပြီး။ သူ့တော်လှန်ရေး သက်တမ်းကပဲ ၇၃ နှစ်ရှိနေပြီး။ သက်တမ်းကြီးပဲ ၇၃ နှစ်ရှိနေပြီး။ တော်လှန်ရေးလုပ်နေတုန်းပဲ။ အဲ့လိုမျိုး ပြောတယ်၊ ပြောတဲ့အခါကျတော့ ခုနပြောသလိုမျိုး သူက တော်လှန်ရေးသက်တမ်းရင့်တာကို ဂုဏ်ယူတာ၊ တော်လှန်ရေးသက်တမ်းရှိတာကို ဂုဏ်ယူတဲ့အနေအထားက တော်လှန်ရေးခေါင်းဆောင်ထဲမှာကိုက ရှိနေတာကို ကျနော်တို့ သွားတွေ့ရတယ်။

အဲ့လိုမျိုးစိတ်နေသဘောထားတွေကျတော့ တစ်လွဲဂုဏ်ယူလို့ပြောရမလား၊ တစ်လွဲဂုဏ်မှောက်တယ်လို့ ပြောရမလား။ အဲ့လိုမျိုးသွားတွေ့ရတယ်။ အဲ့လိုမျိုးစိတ်နေသဘောထားရှိသရွေ့ကတော့ တော်လှန်ရေး သည် လည်း မအောင်မြင်နိုင်ဘူးပေါ့နော်။ ဒါကတော့ ကျနော်ရဲ့အမြင်ပါ။ ဆိုတဲ့အခါကျတော့ ကျနော်တို့ ဒီတော်လှန် ရေးတစ်ခု အောင်မြင်ဖို့ဆိုရင် အောက်ခြေ ရဲဘော်တွေရော၊ ဒီခေါင်းဆောင်တွေရော တစ်သားတည်း ဖြစ်ဖို့ လိုတယ်။ ဆင်းရဲတူတူ၊ ငတ်ပြတ်တူတူ၊ ပင်ပန်းတူတူ အဲ့လိုသဘောမျိုးပေါ့နော်။ တစ်သားတည်းဖြစ်ဖို့လိုသလို လူထုတွေရဲ့ပကတိအခြေအနေကိုလည်း နားလည်လက်ခံနိုင်ဖို့ အဲ့ဒီအတိုင်း ခံစားတတ်ဖို့လိုတယ်ပေါ့နော်။

ပြန်ချုပ်လိုက်မယ်ဆိုရင် ကရင်တော်လှန်ရေး အောင်မြင်နိုင်မဲ့အနေအထားကျတော့ တော်လှန်ရေး အဖွဲ့ အစည်းထဲမှာရှိတဲ့လူတွေ၊ ခေါင်းဆောင်တွေအကုန်လုံးက လူထုအပေါ် အမျိုးသားရေးအပေါ် တော်လှန်ရေး အပေါ်မှာ စိတ်စေတနာမှန်မှန်ကန်ကန်နဲ့ လုပ်ဆောင်ဖို့လိုသလို ဖိနှိပ်ခံလူထုတွေအားလုံးကလည်း ဒီအပေါ်မှာ အမြင်ပွင့်ဖို့လိုတယ်။ သဘောပေါက်နားလည်ဖို့လိုတယ်။ အဲ့ဒီ နှစ်ခုပေါင်းစပ်နိုင်မှ တော်လှန် ရေးက အောင်မြင်နိုင်မယ်။

နော်ဖောဘောဘော (မူတြော်ခရိုင် ကရင်လူငယ်)
တော်လှန်ရေးကို လုပ်လာကြတာ (၇၅) နှစ်တောင် ရှိလာပြီး။ အဲ့ကာလတွေမှာ ကျမတို့ လူမျိုးတွေ စိုးရိမ် ကြောင့်ကြမှုတွေ၊ ထွက်ပြေးတိမ်းရှောင်ရမှုတွေ ပုံစံအမျိုးမျိုးကြုံတွေ့ခဲ့ရတယ်။ ဒီလိုတွေ ကြုံတွေ့နေရ တာကြောင့်လည်း ကျမတို့ ပြည်သူတွေ အစားအသောက်မဖူလုံကြဘူး။ ထွက်ပြေးတိမ်းရှောင်နေကြရတော့ ကလေးငယ်တွေ အနေနဲ့ သူတို့ ရသင့်ရထိုက်တဲ့ပညာရေးသင်ကြားခွင့် အဆင့်အတန်းတွေကို မရကြဘူး။ ကျမတို့ စစ်သားရဲဘော်တွေလည်း မြောက်များစွာ အသက်ပေးခဲ့ရပြီးပြီ။ မုဆိုးမတွေလည်း အများကြီး ဖြစ်ခဲ့ကြပြီးပြီး။ အဲ့ဒါတွေကို ကျမတို့အနေနဲ့ မမြင်တွေ့ချင်တော့ဘူး။

ကျမတို့ ခေါင်းဆောင်တွေကြားမှာလည်း အမြင်မတူမှုတွေ ရှိနေတဲ့အပေါ်မှာ စည်းစည်း လုံးလုံးနဲ့ တစ်စိတ်တစ်ဝမ်းထဲ ဖြစ်လာဖို့လည်း ကျမအနေနဲ့ မျှော်လင့်တယ်။ ပြီးတော့ ကွဲပြားနေတဲ့ ကရင့်လက် နက်ကိုင် တွေ BGF ပဲဖြစ်ဖြစ်၊ DKBA ပဲဖြစ်ဖြစ်၊ PC ပဲဖြစ်ဖြစ်ဘက် တစ်ဖက်ကို ပြတ်ပြတ်သားသား ရပ်တည် လုပ်ဆောင်ဖို့ လိုလာပြီး။ မဟုတ်ရင် ကိုယ့်ပြည်သူတွေပဲ နစ်နာတယ်။ ဒီထက်ပိုဆိုးတာက ကျမတို့ ကရင့် တော်လှန်ရေးကြီး လည်း မရှင်းမလင်း ဝေဝါးစေတယ်။

နော်ရိုစီထူး ( ညောင်လေးပင်ခရိုင် ကရင်လူငယ်)
လူငယ်တစ်ယောက်အနေနဲ့ ဒီတော်လှန်ရေးကြီး ကြာရှည်တာကိုတော့ မတွေ့ချင်တော့ဘူး။ ဖြစ်နိုင်ရင် အောင်ပွဲကို အမြန်ဆုံးတွေ့ချင်တယ်။ အဲ့လို တွေ့ရဖို့လည်း ကရင်တစ်မျိုးသားလုံးက တက်တက်ကြွကြွ ပါဝင် ပေးဖို့ လိုတယ်။ အောင်ပွဲကို အမြန်ဆုံးတွေ့ချင်တယ်။ ဘာလို့လဲ ဆိုတော့ တော်လှန်ရေးမှာ လူတွေရဲ့ အသက် တွေကော တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်နေကြတဲ့ ညီအစ်ကို မောင်နှမတွေကလည်း အသက် ဆုံးရှုံးမှုတွေ များနေပြီး။ အဲ့ဒါကြောင့် မတွေ့ချင်တော့ဘူး။

ခေါင်းဆောင်တွေမှာလည်း အထင်အမြင်ကွဲလွဲနေကြတာကိုလည်း မြင်တွေ့ရတယ်။ အချင်းချင်း ကြားမှာ လည်း ပြဿနာလေးတွေရှိနိုင်တယ်။ ဖြစ်နိုင်ရင် အတူတကွ ပြန်ပေါင်းစည်းစေချင်တယ်။ အဲ့ဒါကလည်း တော် တော်လေး ခက်ခဲတဲ့ အရာဖြစ်တယ်။ တော်လှန်ရေး နှစ်ကြာရှည်တော့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်လည်း ပျက်စီးစေတယ်။ တချို့တွေဆို နိုင်ငံခြားကိုပဲ ထွက်ချင်ကြတော့တယ်။ အဲ့ဒါကျတော့ ဒီတော်လှန်ရေးကိုလည်း နှစ်ကြာသွားစေတယ်။ လူငယ်တွေ တော်လှန်ရေးမှာပါဝင်လာဖို့ လူကြီးတွေအနေနဲ့ တွန်းအားပေးဖို့ လိုသလို လူငယ်တွေ ကို မြှင့်တင်ပေးဖို့လည်းလိုမယ်။

လူငယ်တွေအနေနဲ့လည်း စိတ်အားထက်သန်မှုလည်း လိုတာပေါ့။ အခု ခေတ်က အင်တာနက်ခေတ်ပဲ။ အခု ဖြစ်နေတာတွေကို အခက်အခဲတွေကို မြင်တွေ့နေရမှာပဲ။ ပြောဖို့ မလိုအောင်ကို သူတို့ ပါဝင်လာဖို့လိုတယ်လို့ ထင်တယ်။

နန့်ဧပရယ် (မြစ်ဝကျွန်းပေါ် ကရင်လူငယ်)
တော်လှန်ရေးလုပ်တာ အခု ၇၅ နှစ်ပြည့်တော့မယ်။ တော်လှန်ရေးစတင်တာကလည်း အားလုံး သိကြတဲ့အတိုင်း ကျမတို့ မြစ်ဝကျွန်းပေါ်ဘက်မှစခဲ့တာဖြစ်တယ်။ အခုဆိုရင် တောင်ပေါ် ဒေသဘက်ကို ရွှေ့လာခဲ့ကြရတယ်။ ခက်ခက်ခဲခဲ ဆင်းဆင်းရဲရဲ နဲ့ လုပ်ဆောင်ရတာဖြစ်တယ်။ တော်လှန်ရေး တစ်ရပ်က အရမ်းကြာနေတာတော့ ကျမ အနေနဲ့ မကောင်းဘူးလို့ မြင်တယ်။

အခု ကျမတို့ လူငယ်တွေရဲ့ စိတ်ထဲမှာတော့ ဒီတော်လှန်ရေးကို အဆုံးသတ်ဖို့လိုလာပြီးလို့ မြင်တယ်။ ဒါကိုလည်း စိတ်ထဲမှာ ယုံကြည်မှု ထားရမယ်။ အောင်မြင်မယ်လို့ ယုံကြည်မှု ထားမှ တကယ် အောင်မြင်မှာ ဖြစ်တယ်။ အနာဂ တ်မှာလည်း ဆင်းရဲဒုက္ခတွေကို မမြင်တွေ့ချင်တော့ဘူး။ ဒီတစ်ကြိမ်ကိုတော့ နိုင်အောင် လုပ်ကြမယ်လို့ စိတ်ထဲမှာ ထားပြီး ကိုယ့်ကရင်အချင်းချင်းမှာကော တခြားလူမျိုးတွေနဲ့ကော စည်းစည်းလုံးလုံး နဲ့ ကြိုးစားလုပ်ဆောင်သွားဖို့လိုမယ်။

ပြီးတော့ အခုခေတ်လူငယ်တွေက လက်နက်ကိုင်ဖို့ပဲ စိတ်အားထက်သန်ကြတယ်။ လက်နက်ကိုင်တာနဲ့ မပြီးဘူး။ အခြားအသိပညာတွေ၊ အတတ်ပညာတွေ တတ်မြောက်ဖို့လည်းသင်ယူ လေ့လာဖို့ လိုသလို အသိပညာ ကြွယ်ဝဖို့လည်း စာများများဖတ်ဖို့လိုလိမ့်မယ်။ အဲ့တော့ ပြောချင်တာက တော်လှန်ရေးက ဒီထက်ကြာဖို့ မကောင်း တော့ဘူး။ အချိန်ဆွဲ လုပ်ဆောင်ရင် မျိုးဆက်တစ်ခုပြီး တစ်ခုဆိုးကျိုးပဲ များလာလိမ့်မယ်။ လူငယ်တွေ ပိုစည်းလုံးဖို့ လိုလာပြီးလို့ ပြောချင်ပါတယ်။

စောလောင်ဆိုက်သာ (ဒူးပလာယာခရိုင် ကရင်လူငယ်)
ကျနော်တို့ကရင်တော်လှန်ရေးက အခုဆိုရင် (၇၅)နှစ်မြောက် ရှိသွားပြီးဖြစ်တယ်။ (၇၅)နှစ်ဆိုတော့က လူ့သက်တမ်းတစ်ခုအနေနဲ့ကြည့်ရမယ်ဆိုရင် သက်တမ်းတစ်ခုဖြစ်သွားပြီပေါ့နော်။ အခု ထိကျနော်တို့လိုချင်တာ မရသေးပါဘူး၊ ဂုဏ်ယူစရာတော့မဟုတ်ပါဘူး။ ဒါပေမယ့် တော်လှန်ရေး (၇၅)နှစ်အတွင်းမှာ တိုင်းပြည်နှင့် လူမျိုးအတွက် အသက်ပေးသွားတဲ့ခေါင်းဆောင်တွေ၊ ကျနော်တို့လူမျိုးတွေကို လေးစားဂုဏ်ပြုရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျနော်တို့ လိုချင်တဲ့လွတ်လပ်ရေးတော့ရခါနီးပြီး လက်တစ်လုံးအလိုပဲ ကျန်ပါတော့တယ်။ လက်တစ်လုံးလိုပေမယ့်လည်း ရန်သူကိုလည်း ကျနော်တို့အထင်သေးလို့မရပါဘူး။ လုပ်စရာရှိ တာတော့လုပ်ရမယ်။

ကရင်တော်လှန်ရေးဟာ နှစ်ပေါင်း (၇၅) ပြည့် (၇၆)နှစ်ဝင်တော့မယ်။ အဲဒီအကြားထဲမှာ အခက် အခဲအ များကြီးကြုံတွေ့ခဲ့ရတယ် ။ အဲဒီအထဲမှာ ကျနော်တို့ ကရင်အမျိုးသားအစည်းအရုံးထဲမှာ အမြင်မတူကြတာ တွေရှိတယ်။ ပြီးတော့ ရည်ရွယ်ချက် မတူတာတွေလည်းရှိတယ်။ အဲဒီအထဲမှာ ခွဲထွက်သွားတာလည်း အဖွဲ့အများ ကြီးရှိခဲ့တာကိုတွေ့ရတယ်။ ဒါကြောင့် အခုဆိုရင် အဆုံးသတ်နေ့ရောက်ပြီး ဒီအဆုံးသတ်နေ့မှာ ကျနော်တို့ နိုင်အောင် ယူရမယ်။ ကျနော်တို့နိုင်မှ ကျနော်တို့လိုချင်တဲ့ လွတ်လပ်မှုတွေကို ရမှာဖြစ်တယ်။ အဲဒီလို လွတ်လပ် မှုရမှ ကျနော်တို့နိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်လို့ ရမှာဖြစ်တယ်။ ကျနော်တို့ ကရင် တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ DKBA ဖြစ်ဖြစ်၊ BGF တွေဖြစ်ဖြစ်၊ PC တွေဖြစ်ဖြစ် ကျနော်တို့ တော် လှန်ရေးလုပ်တာဟာ ကျနော်တို့ လူမျိုးတိုးတက်ဖို့အတွက်၊ လွတ်လပ်မှုအတွက် ဖက်ဒီရယ်ဒီမို ကရေစီနိုင်ငံရရှိဖို့ အတွက်ဖြစ်တယ်။ ဒါကိုရရှိဖို့က သူတို့တွေဟာလည်း အားပေးကူညီရမှာဖြစ်တယ်။ သူတို့လည်း အားပေးကူညီရင် မနက်ဖြန်ဖြစ်ဖြစ်၊ သန်ဘက်ခါဖြစ်ဖြစ် ပြောမတတ်ဘူး ရမှာဖြစ်တယ်။ တကယ်လို့မပါဝင်ဘူး မကူညီဘူးဆိုရင် (၇၅)နှစ်မကဘူး အများကြီးကိုဆက်သွားရမှာဖြစ်တယ်။ ဒါကြောင့် ပြည်သူလူထု၊ လူငယ်တွေ၊ လူကြီးတွေအားလုံး ကျနော်တို့တော်လှန်ရေးကို အကုန်လုံးဝိုင်းဝန်းကူညီပေးလို့ရပါတယ်။ အားလုံးဝိုင်းဝန်းကူညီမှ ကျနော်တို့ လိုချင်တဲ့ မြင်ချင်တဲ့ လွတ်လပ်မှု ကျနော်လိုချင်တဲ့ပန်းတိုင်တွေကို အမြန်ဆုံးရောက်ရှိမှာဖြစ်တယ်ပေါ့နော်။