ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်း ကျေးရွာအုပ်စုအတွင်းရှိ နေအိမ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်လာရသည့် စစ်ဘေးရှောင်များအတွက် နေရာထိုင်ခင်းများ လိုအပ်လျက်ရှိကြောင်း ဒေသခံစစ်ရှောင် များက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၅)ရက်နေ့က စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၅၆၁) နှင့် ညောင်ပင် ကွင်းရွာ တံတားရှိ စစ်ဆေးရေးဂိတ်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက် တိုက်ခိုက်ပြီးနောက် အဆိုပါ ကျေးရွာနေ ဒေသခံများအနေဖြင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ယနေ့ အချိန်ထိ နေရပ်မပြန်ရဲကြသေးဘဲ နေထိုင်ရေးအခက်အခဲရှိနေကြောင်း စစ်ရှောင်ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“တိုက်ပွဲစဖြစ်တဲ့ရက်ကစပြီးပြေးနေရတာ။ ရုတ်တရက် ပြေးခဲ့ရတာဆိုတော့ လိုအပ်တာတွေ အများ ကြီးရှိတယ်။ စစ်ဘေးရှောင်ရတဲ့ သူတွေကတော့ ဒီနေ့အထိပေါ့။ တစ်ရက်ပြီး တစ်ရက်တိုးလာတယ်။ အမိုး အကာတွေလည်း အများကြီး လိုအပ်နေတုန်းပဲ။” ဟု ၎င်းဒေသခံက ကေအိုင်စီသို့ပြောသည်။
ညောင်ပင်ကွင်းရွာအုပ်စုအတွင်းရှိညောင်ပင်ကွင်းရွာ(အရှေ့ကမ်း)၊ ညောင်ပင်ကွင်းရွာ (အနောက်ကမ်း)၊ ကျွဲထိန်းကွင်း နှင့် ထုံတော်ရွာများမှ စစ်ဘေးရှောင်စုစုပေါင်း (၇,၀၀၀)ကျော်ထိရှိနေပြီး စစ်ဘေးရှောင် တချို့ မှာလည်း နီးစပ်ရာမြို့ပေါ်များသို့ ထွက်ပြေးတိမ်းရှောင်မှုများရှိနေကြောင်း စစ်ဘေးရှောင် ကူညီသူ တစ်ဦးက ပြောသည်။
၎င်းက “တိုက်ပွဲတွေကတော့ဖြစ်နေတုန်းပဲ။ စစ်တပ်ဘက်ကလည်း လက်နက်ကြီးတွေ ဆက်တိုက် ပစ်နေတော့ ရွာသားတွေက မပြန်ကြတော့ဘူး။ (၇,၀၀၀)ကျော်ကတော့ လက်လှမ်းမှီသ လောက် ပဲရှိတယ်။ လက်လှမ်းမမှီ တဲ့နေရာတွေလည်းရှိနေသေးတယ်။ ပြီးတော့ ပါလာတဲ့ ရိက္ခာတွေကလည်း မျှသုံးနေကြတော့ ရိက္ခာတွေ ပြတ်တာတွေလည်း ရှိနေပြီး။”ဟု ကေအိုင်စီ သို့ ပြောသည်။
တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိတနင်္သာရီ၊ ထားဝယ်၊ သရက်ချောင်း၊ ပုလောအပါအဝင် မြို့နယ် အများစုတွင် စစ်ကောင်စီတပ် နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ရေး တင်းမာနေသည့် အချိန်များတွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများလည်း ပြတ်တောက်နေကြောင်း ဒေသခံများက ပြောသည်။
ထို့အပြင် စစ်တပ်က တိုင်းပြည်အာဏာသိမ်းယူပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာ ထွက်ပြေး ရသူအရေအတွက်သည် လေးသန်းကျော်ရှိကြောင်း သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သည့် Institute for Strategy and Policy- Myanmar(ISP-Myanmar) ၏ ထုတ်ပြန်ထားချက်အရ သိရသည်။



















