Home သတင်း ဝင်းတာပန် စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့ဝိုင်းထားနေ

ဝင်းတာပန် စစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်များ ပိတ်ဆို့ဝိုင်းထားနေ

349
Photo- KNU

ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ် ဝင်းတာပန်‌ကျေးရွာရှိ စစ်ကောင်စီ တပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင်အမျိုး သားကာကွယ်ရေးတပ်ဖွဲ့(KNDO)တို့ ဦးဆောင်သည့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း သိရသည်။

အဆိုပါ ဝင်းတာပန်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်ကတည်းက ပိတ်ဆို့ဝိုင်းထားခံရပြီး လူအင်အား၊ လက်နက်အင်အား၊ စားနပ်ရိက္ခာ စသည်တို့ အားလုံးဖြတ် တောက်ခံနေရကြောင်း နယ်မြေအ‌ခြေအနေကိုသိရှိသူ ဒေသခံတစ်ဦးက ယခုလိုပြောသည်။

“၁၂ လပိုင်း ၂၃ရက်ကနေ စပြီးဝိုင်းထားလိုက်တယ်။ စစ်ကူ‌တွေလည်းလာမရဘူး။ စားနပ်ရိက္ခာတော့လေယာဉ်နဲ့လာပို့ပေးရတယ်။ ရိက္ခာတွေလာပစ်ချပေးတာ ကော်သူးလေတွေရတာရှိတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

အလားတူ ဝင်းတာပန်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းတွင် ရိက္ခာများပြတ်လပ်နေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များလည်း လက်နက်ချအလင်းဝင်လာသူ မကြာခဏရှိလာ‌နေကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

“သူတို့(စစ်ကောင်စီ)တွေ ရိက္ခာ‌တွေ မနည်း ပြတ်လပ်နေပြီး။ လူအင်အား၊ လက်နက်ခဲယမ်း၊ စားနပ်ရိက္ခာ‌တွေက မြေပြင်မှာ လာတာမရှိဘူး။ မိုး‌ပေါ် (လေယာဉ်)နဲ့တစ်ခါလာပြီး လက်နက်ခဲ ယမ်းတွေ လာပစ်ချပေးတယ်။ သူ့လူ(စစ်ကောင်စီ)တွေ မကြာမကြာ လက်နက်ချအလင်းဝင်လာတာရှိတယ်”ဟု ပြောသည်။

ဘီးလင်းမြို့နယ်ရှိ ဝင်းတာပန်နှင့် လေးကေစစ်ကောင်စီတပ်စခန်းသည် စကစ(၈) လက်အောက်ခံ ခမရ(၄၁၀)တပ်ရင်းမှဖြစ်ပြီး အဆိုပါ စခန်း ၂ ခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် (KNLA)နှင့် (KNDO) တို့ဦးဆောင်သည့်‌ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံ မကြာခဏ အလင်းဝင်လာသူများရှိကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ပြောသည်။

ဘီးလင်းမြို့နယ် ဇီဝင်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြှောက်တပ် (၃၁၄)မှ လက်နက်ကြီးများ နေ့စဉ်ပစ်ခတ်သဖြင့် ရွာသားများလည်း မကြာခဏ ထိခိုက်သေဆုံးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။