ဒီဇင်ဘာလ ၂၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် ကရင်လူငယ်အစည်း အရုံး(KYO) (၅)ကြိမ်မြှောက် ကွန်ဂရက်ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၃ရက်နေ့တွင်ကျင်းပပြီးစီးခဲ့သည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၂ ရက်မှ ၂၃ ရက်အထိ ကျင်းပပြုလုပ်သည့် ကော့ကရိတ်မြို့နယ် ကရင်လူငယ်အစည်းအရုံးကွန်ဂရက်တွင် ဥက္ကဌမန်းဆန်းမင်း၊ အတွင်းရေးမှူး Saw Dillieaum Htoo၊စည်းရုံးရေးနှင့်ပြန်ကြားရေးတာဝန်ခံစောဝင်ထူးနှင့် ဘဏ္ဍာရေးမှူးနန်းဖြူပြာမိုးအပါအဝင် ကော်မတီဝင် (၁၅) ဦး တို့ကို ရွေးကောက်တင်မြှောက်ခဲ့ကြသည်။
လူငယ်များသည် အနာဂတ်အတွက် အရေးကြီးသောပုဂ္ဂိုလ်များဖြစ်ကြသည့်အတွက် အသိမှတ်ပြုရမည် ဖြစ်ကြောင်း အသစ်ရွေးကောက်ခံရသည့် ကော့ကရိတ်မြို့နယ် ကရင်လူငယ်အစည်းအရုံး(KYO)ဥက္ကဋ္ဌ မန်းဆန်းမင်းက ပြောသည်။
၎င်းက”လူငယ်မပါရင် ဘယ်အလုပ်ဖြစ်ဖြစ် မကျော်ဖြတ်နိုင်ဘူး။ တော်လှန်ရေးမှာဖြစ်စေ၊ အခြား အလုပ်လုပ်ရာမှာဖြစ်စေ အများစုဟာ လူငယ်တွေပဲ။ ဒါကြောင့်လူငယ်ဟာအရေးကြီးတယ်။ အသိမှတ်ပြု ရမယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အလားတူ မိမိတို့ကရင်လူမျိုးတို့ မျှော်မှန်းထားသည့်ပန်းတိုင်သို့ အရောက်သွားနိုင်ရန် လူငယ်များ အားလုံး ပူးပေါင်းပါဝင်သင့်ကြောင်း ကော့ကရိတ်မြို့နယ် KYO မြို့နယ်ကော်မတီဝင်အဖြစ် ရွေးကောက်ခံရသူ နော်မူးအဲ့ကလည်း ပြောသည်။
“ဒီကွန်ဂရက်မှာ ကျမကော်မတီဝင်တစ်ယောက်ဖြစ် လာတယ်။ အကောင်းဆုံးလုပ်ဆောင်သွားမယ်လို့ ယုံကြည်တယ်။ ကျမတို့ ကရင်လူငယ်တွေမျှော်မှန်းထားတဲ့ ပန်းတိုင်ရောက်အောင် ကရင် လူငယ်အားလုံးပါဝင်သင့်တယ်။ ကရင်လူငယ်တွေအားလုံး ညီညီညွတ်ညွတ်နဲ့ အတူအကွ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ မျှော်လင့်တယ်”ဟု မြို့နယ်ကော်မတီဝင် နော်မူးအဲ့က ပြောသည်။
ကော့ကရိတ်မြို့နယ် (၅)ကြိမ်မြောက် ကရင်လူငယ်အစည်းအရုံး (KYO) ကွန်ဂရက်ကို KNU ကော့ကရိတ်မြို့နယ်အတွင်းရေးမှူး ပဒိုမန်းမြအေး၊ ကော့ကရိတ်မြို့နယ် ကရင်အမျိုး သမီးအစည်းအရုံး(KWO) ဥက္ကဋ္ဌ ပဒိုနန်းအဲ့ချယ်၊ မြို့နယ်အဆင့်ခေါင်းဆောင်များ၊ ဒူးပလာယာခရိုင် KYO ခေါင်းဆောင်များ၊ အထူးဖိတ်ကြား ခံရသည့်ခေါင်းဆောင်များ၊ ကျေးရွာအုပ်စု အသီးသီးမှ ကိုယ်စားလှယ်များနှင့် လေ့လာသူများစုစုပေါင်း (၈၀)ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
KYO ၏ ဖွဲ့စည်းပုံအရ မြို့နယ်နှင့်ခရိုင်အဆင့်ကို ၂ နှစ်တစ်ကြိမ် ကွန်ဂရက်ကျင်းပပြုလုပ်ပြီး ဗဟိုအဆင့်ကို ၄ နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိသည်။



















